“နိုင်ငံရေးဦးဆောင်မှုမရှိတဲ့ လက်နက်ကိုင်ဟာ အင်မတန်ကြောက်စရာကောင်းတယ်။ နိုင်ငံရေးဦးဆောင်မှု နိုင်ငံရေးခံယူချက်၊ နိုင်ငံရေးသဘောတရား နားမလည်တဲ့ လက်နက်ကိုင်ဟာ အင်မတန်ကြောက်စရာကောင်းတယ်”

“နိုင်ငံရေးဦးဆောင်မှုမရှိတဲ့ လက်နက်ကိုင်ဟာ အင်မတန်ကြောက်စရာကောင်းတယ်။ နိုင်ငံရေးဦးဆောင်မှု နိုင်ငံရေးခံယူချက်၊ နိုင်ငံရေးသဘောတရား နားမလည်တဲ့ လက်နက်ကိုင်ဟာ အင်မတန်ကြောက်စရာကောင်းတယ်”

ပအို့ဝ် တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့်အင်တာဗျူး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Fe deral Democracy Charter ) ကြေညာချက်အပေါ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုးပမ်းမှု တစ်ရပ်အဖြစ် အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ကြိုဆိုလိုက်သည်။ဧပြီ ၃ ရက်မှ ၄ ရက်အထိ ၂ ရက်တာပြုလုပ်သည့် PPST အစည်းအဝေးမှ ဘုံသဘောတူညီချက်ငါးချက်ထဲတွင် အဆိုပါအချက်များကို ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါအချက်များအပြင် လက်နက်မဲ့ပြည်သူလူထုအား စစ်ကောင်စီ၏ အကြမ်းဖက် သတ်ဖြတ်၊ ပစ်ခတ် နှိမ်နင်းမှုကို ချက်ခြင်းရပ်တန့်ရန်နှင့် ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုထားသည့်အပြင် ပြည်သူလူထုတစ်ရပ်လုံးက ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေး အပါအဝင် CDM လူထုလှုပ်ရှားမှုများအား ဆက်လက်ပံ့ပိုးကူညီမည်ဟု ဆိုသည်။

CRPH က ထုတ်ပြန်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကြေညာစာတမ်းကို ဘယ်အတိုင်းအတာအထိ လက်ခံကြိုဆိုပါသလဲ၊ CRPH က ဖွဲ့စည်းမည့် ဖက်ဒရယ်တပ်မတော်အပေါ် သဘောထား၊ ရှေ့ဆက်နိုင်ငံရေး ဆွေးနွေးပွဲများနှင့် NCA အပေါ် အပစ်ရပ်အဖွဲ့များ၏ သဘောထားများနှင့်ပတ်သက်၍ ပအို့ဝ်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာအား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး - မနေ့က ကျင်းပပြီးစီးသွားတဲ့ PPST အစည်းအဝေးမှာ ဘုံသဘောထားတွေ ရှေ့လုပ်ငန်းစဉ်တွေ ဘယ်နှစ်ချက်လောက် ချမှတ်နိုင်ခဲ့သလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ - ကျွန်တော်တို့ PPST အစည်းအဝေးကတော့ တစ်ရက်ခွဲ နှစ်ရက်ပေါ့ ဒီမှာကျွန်တော်တို့ ညီညီညွတ်ညွတ်နဲ့ သဘာ ထားချမှတ်နိုင်တဲ့လို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ ကွာဟချက်တွေ ရှိနေပေမယ့် လည်း ဘုံသဘောထား ငါးချက်ကို ညီညွတ်ပါတယ်။

မေး - ဘယ်လိုအချက်တွေပါသလဲ။ ဘယ်လိုအနေအထားတွေကြောင့် အဲဒီဘုံသဘောထား ၅ ချက်ကို ချမှတ်ခဲ့ကြတာလဲ

ဗိုလ်မှူးကြီးခွန်ဥက္ကာ - အခြေအနေအပေါ်မှာ မူတည်ပါတယ်။ အခြေအနေက ကျွန်တော်တို့ မတင်မကျလုပ်ရမယ့် အခြေအနေတွေ များတယ်လေ ဒီလူတွေ သေကြေနေတာနဲ့ နောက်ပြီးတော့ ကျနော်တို့ကတော့ ဖမ်းဆီးထား တဲ့ လူတွေပြန်လွှတ်ဖို့ကတော့ ဒါကကြာပြီ။ ကျွန်တော်တို့ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ကျွန်တော်တို့ တောင်းနေကြ တောင်းဆိုနေတဲ့ အချက်ပဲလေ။ ဒါတွေက အဲဒီမှာ နည်းနည်းလေး ထပ်တိုးလာတာက CRPH နဲ့ ပတ်သက်ပြီးတဲ့ သတင်းပေါ့။ CRPH က ထုတ်ပြန်လိုက်တဲ့ ကိစ္စတွေမှာ ကျွန်တော်တို့ အနေနဲ့ ကြိုဆိုသင့်တာကို ကြိုဆိုတယ်။ ထောက်ခံသင့်တာကို ထောက်ခံတာပေါ့ဗျား။အဲသဘောလေးပါပဲ အဲဒီမှာတော့ တူကြပါတယ်။

မေး - CRPH ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းတာနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်စာတမ်း ကြေညာ လိုက်တာကို ကြိုဆိုထောက်ခံတယ်ဆိုတော့ အဲဒီအနေ အထားကနေ တကယ်ပဲ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ကိုရရှိလာ နိုင်သလား။ အပစ်ရပ်အဖွဲ့ တွေရဲ့ အမြင်သဘောထားက ဘယ်လိုရှိနေသလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ - ကျွန်တော်တို့ကတော့ အဲဒီစာချုပ်ကိုတော့ ကျွန်တော်တို့က ကြိုဆိုရုံပဲ ကြိုးပမ်းမှုအနေနဲ့ ကြိုဆိုတာပေါ့။ CPRH က ကြိုးပမ်းတယ်ဆိုတဲ့ ဟာကို အသိအမှတ်ပြုပြီးတော့ ကြိုဆိုတာပေါ့။ စာချုပ်ထဲမှာ ပဋိညာဉ်ထဲမှာ ပါတဲ့ အချက်အလက်တွေက ကျွန်တော်တို့ ဖတ်ရအုံးမယ်ခင်ဗျာ။ အပြန်အလှန်ဆွေးနွေးရအုံးမယ် ဆိုတော့ အဲဒါကိုတော့ ကျွန်တော်တို့ အဲဒီ ချာတာထဲမှာပါတဲ့ ကိစ္စတွေကိုတော့ ထောက်ခံတာတို့ လက်ခံတာတို့ ကျွန်တော်တို့ မလုပ်သေးပါဘူး။ အဲဒီချာတာကို ကြိုးစားပမ်းစား ထုတ်ပေးတယ်ဆိုတာကိုတော့ ကျွန်တော်တို့က ကြိုဆိုတာပေါ့နော်။ ချာတာပါ အကြောင်းအရာ အားလုံးကိုတော့ လက်ခံအတည်ပြုတယ်ဆိုတာကိုတော့ မဟုတ်သေးဘူး။ မရှိသေးဘူး။ အဲဒါပဲ အဓိကက အဲဒါ။

မေး - ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းလိုက်ပြီဆိုတော့ လာမယ့် နိုင်ငံရေး ဖြစ်စဉ်တွေမှာ ရှေ့လုပ်ငန်းစဉ်တွေမှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်သလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ - နှစ်မျိုးစလုံးက ဖြစ်နိုင်ပါတယ်။ အကယ်၍ CRPH အနေနဲ့ သူ ၂၀၀၈ ကိုဖျက်သိမ်းတယ်လို့ သူကြေညာတာကတော့ သူ့ဖက်ကကိုဗျားနော်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံက စစ်ကောင်စီဖက်က တော့ ဒီဖွဲ့စည်းပုံနဲ့အညီ အရေးပေါ်အခြေအနေကြေညာပြီးတော့ အာဏာလွှဲပြောင်းရယူတယ်လို့ ပြောထားတယ်ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ကိုင်စွဲပြီးတော့ လုပ်ဆောင်နေတဲ့ စစ်ကောင်စီက တစ်ဖက်ရှိသလို ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းတဲ့ CRPH က တစ်ဖက်ဖြစ်နေတာကိုးနော်။ အဲဒီကြားထဲမှာ ဖြစ်နေတာပေါ့၊ လောလောဆယ်ဆယ် အခြေအနေက ဒါကြောင့် ပြည်တွင်းမှာ ဒီတရားဝင် အခြေခံ ဥပဒေက ရှိနေလား မရှိဘူးလားဆိုတဲ့ မေးခွန်းက ကျနော်တို့ ဖြေဖို့ခက်သွားတာပေါ့။ လောလောဆယ် နိုင်ငံရေး မိုးလေဝါသက ရှင်းရှင်းလင်းလင်း မဖြစ်သေးတဲ့ အခြေအနေဖြစ်နေတာကိုးဗျား။ အဲဒါကြောင့်ပါ။ အဲဒါကြောင့် ကျွန်တော်တို့က အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ကို ဖျက်သိမ်းတာကတော့ ကျွန်တော်တို့ ကိုယ်တိုင်လည်း အစကတည်းက ၂၀၀၈ ကိုကြိုက်တာမှ မဟုတ်ပဲ ပြင်ဆင်ရမယ်။ ရုတ်သိမ်းရမယ်။ ကျွန်တော်တို့ အသစ်ရေးရမယ်လို့ ကျွန်တော်တို့ ပြောနေတော့ ဖျက်သိမ်းတယ်။ ကြေညာတဲ့ကိစ္စကိုတော့ ကျွန်တော်တို့က ကြိုဆိုထောက်ခံတာပေါ့။ ဒါပေမယ့် အသစ်က ဘယ်လိုလဲ ဘယ်လိုပုံစံနဲ့ တိုင်းပြည်ရဲ့ အနာဂတ်ရဲ့ ဖွဲ့စည်းပုံက ဘယ်လိုပုံစံမျိုးလာမလဲ ဆိုတာ ကျွန်တော်တို့ ဆက်လက်ဆွေးနွေး ရမှာပေါ့ဗျား။

မေး - ပြီးခဲ့တဲ့ ရက်ပိုင်းက မူတြော်ခရိုင်ထဲကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး တော့ KNU/KNLA တပ်မဟာ ၅ က ထုတ်ပြန်ထားတာရှိတယ်။ အဲဒီထုတ်ပြန်ချက်ကို CRPH က ကြိုဆိုတယ် ပြီးတော့ NCA ဟာ အသက်မဝင်တော့ဘူးလို့ ထည့်သွင်းပြောဆိုထားတာတွေ့ရတယ်။ NCA နဲ့ ပတ်သက်ပြီး အပစ်ရပ် အဖွဲ့တွေရဲ့ သဘောထားကရော ဘယ်လိုရှိနေပါသလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ - NCA စာချုပ်နဲ့ ပတ်သက်တာကတော့ ကျွန်တော်တို့ မပြောသေးဘူးဗျာ။ ဘာကြောင့် လဲဆိုတော့ NCA စာချုပ်ကို လက်မှတ်ရေးထိုးတဲ့အတွက် ကျွန်တော်တို့ ၁၀ ဖွဲ့က တရားဝင်မှုရ လာတယ်။ ပြည် တွင်းမှာ မတရားအသင်းကလည်း ဖျက်သိမ်းခြင်းခံရတယ်။ ပြီးတော့ အကြမ်း ဖက်အဖွဲ့အစည်းကနေလည်း ဖျက် သိမ်းခြင်းခံရတယ်။ ကျွန်တော်တို့က စေ့စပ်ဆွေးနွေးရေးပေါ့။ နိုင်ငံရေး ဆွေးနွေးပွဲမှာ တရားဝင် ပါဝင်ခွင့်ရှိတဲ့ ကျွန်တော်တို့ Legitimacy ပေါ့ဗျာ။ တရားဝင်မှုရှိသော အဖွဲ့အစည်းတွေ ဖြစ်လာတယ်။ တရားဝင်မှု ရှိတဲ့ အဖွဲ့အစည်းတွေ အနေအထားကနေပြီး တော့ ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်တာကိုး ။ ဆောင်ရွက်ရင်းနဲ့ အခုငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက ယာယီ ရပ်တန့်သွားတဲ့ အခါကျတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေကိုတော့ ကျွန်တော်တို့က ဆက်မလုပ်ဘူး။ သို့သော် အပစ်ခတ်ရပ်စဲရေး စာချုပ်ကတိကဝတ် ကိုတော့ ကျွန်တော်တို့က ဆက်လက်ကိုင်စွဲမယ်။ ဆက်လက်စောင့် ထိန်းမယ်ဆိုပြီးတော့ ကျွန်တော်တို့က သတ်မှတ်ထားတယ်။ဒါကြောင့် NCA စာချုပ်ကတော့ ကျွန်တော်တို့ စာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေဖက်ကတော့ ရုတ်သိမ်းတယ်။ ဖျက်သိမ်းတယ်ဆိုတာတော့ မရှိဘူးဗျာ။အဲဒါတော့ မရှိဘူး။

မေး - အဲဒါဆိုရင် ရှေ့ဆက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဘယ်လိုလုပ်ဆောင်သွားဖို့ရှိသလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ - ရှေ့ဆက်အခြေအနေက ဖြစ်ပေါ်လာတဲ့ အခြေအနေကတော့ မြန်မြန်လုပ်ရမှာနဲ့ ရေရှည်လုပ်ရမှာပေါ့ဗျာ။ မြန်မြန်လုပ်ရမှာကတော့ အခုသတ်နေ၊ဖြတ်နေ လိုက်ပြီးတော့ ပစ်ခတ်သတ်ဖြတ်နေတယ်၊ ဖမ်းဆီး ရိုက်သတ်နေတယ်။ လူတွေကို ဆန္ဒပြတာ မပြတာ တစ်ပိုင်းထား။ နောက် ဒီလိုအနိုင်ကျင့် လက်နက်နဲ့ လက်နက်မရှိတဲ့ လူကို လက်နက်နဲ့ လိုက်ပြီးတော့ ပစ်ခတ်သတ်ဖြတ်နေတာတွေကိုတော့ ကျွန်တော်တို့ကတော့ လက်မခံနိုင်ဘူးပေါ့။ဒါကို အမြန်ဆုံးလျှော့နည်းအောင်လုပ်ဖို့တော့ လက်ရှိ စစ်ကောင်စီနဲ့ သူတပ်တွေကိုတော့ တောင်းဆိုရမှာပေါ့။ ဒါကတော့ ကျွန်တော်တို့ လက်မခံနိုင်ဘူး၊ မလုပ်ပါနဲ့ အဲဒီနောက်ဆက်တွဲမှာမှ ဘယ်လိုစကားပြောရမလဲ ဘယ်လိုကြားဝင်စေ့စပ်ရမလား။ သို့တည်းမဟုတ် တရုတ်က အကြံပေးတဲ့အတိုင်း ပဲ ကျွန်တော်တို့ ဖက်ပေါင်းစုံပါဝင်တဲ့ မြန်မာပြည်အရေးမှာ ဖက်ပေါင်းစုံ ပါဝင်တဲ့၊ Stakeholders တွေ အားလုံးပါတဲ့ ပြဿနာဖြေရှင်းတဲ့ ညှိနှိုင်းပွဲများရှိမလားပေါ့။ အဲဒါကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပေါ့။

မေး - CRPH က မကြာခင် အမျိုးသား ညီညွှတ်ရေး အစိုးရဖွဲ့မယ်လို့ ပြောထားတာရှိတယ်။ ပြီးတော့ တစ်ဖက်မှာလည်း ဖက်ဒရယ် တပ်မတော်ကို ဖွဲ့မယ်ဆိုပြီးတော့ ပြောဆိုသံတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတာတွေရှိတယ်။ အဲဒီပေါ်မှာ အပစ်ရပ်အဖွဲ့တွေရဲ့ သဘောထားက ဘယ်လိုရှိသလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ - အဲဒါကတော့ ကျွန်တော်တို့ အတွေ့အကြုံရှိပါတယ်။ အဲဒါက ဆန္ဒစောလို့တော့မရဘူး။ ကျွန်တော်တို့ ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းပေါ့။  ကျွန်တော်တို့ ဖွဲ့ခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီဆိုတာရှိပါတယ်။ အဲဒီ ဖက်ဒရယ်ကောင်စီ ဖွဲ့ပြီးတဲ့ အချိန်မှာ ၂၀၁၂ ၊ ၂၀၁၃ မှာတော့ ဖက်ဒရယ်ကောင် စီရဲ့ နိုင်ငံရေး ဦးဆောင်မှု အောက်မှာ ဖက်ဒရယ် တပ်မတော်ဖွဲ့ရေးကို ကျွန်တော်တို့ လုပ်ပါတယ်။ စီမံချက်လည်း ရေးကြပါတယ်။ ဒါကြောင့် ညဖက်ဒရယ် တပ်မတော်လို့ ပြောရင် အတွေ့အကြုံမရှိတဲ့ အရပ်သားတွေ အနေနဲ့ ဆိုရင်တော့ ဖက်ဒရယ် တပ်မတော်ကို တစ်ဖက်က တပ်မတော်လို့ မြင်ကြတယ်။ တပ်မတော်ရဲ့ အထက်မှာ နိုင်ငံရေး ဦးဆောင်ရမယ့် ဖက်ဒရယ်ကောင်စီလို အစုအဖွဲ့မျိုးက ရှိဖို့လိုတယ်။ နိုင်ငံရေး ဦးဆောင်မှု မရှိတဲ့ လက်နက်ကိုင်ဟာ အင်မတန်ကြောက်စရာ ကောင်းတယ်။ နိုင်ငံရေး ဦးဆောင်မှု နိုင်ငံရေး ခံယူချက် နိုင်ငံရေး သဘောတရား နားမလည်တဲ့ လက်နက်ကိုင်ဟာ အင်မတန် ကြောက်စရာ ကောင်းတယ်။ ဒါကြောင့် နိုင်ငံရေး ဦးဆောင်မှု ပေးနိုင်တဲ့ အစုအဖွဲ့ နိုင်ငံရေး အင်အားစု တပ်ပေါင်းစု အဲဒါမျိုးရှိတဲ့ အခါကျမှ အဲဒီနိုင်ငံရေး အင်အားစု တပ် ပေါင်းစု ဦးဆောင်မှုအောက်မှာ အမိန့်ပေးမှုအောက်မှာ ဖက်ဒရယ်တပ်မတော်ဟာ စုဖွဲ့လို့ရတယ်။ အ လုပ်လုပ်လို့ရတယ်။ အဲဒီသဘောပါ။ အဲဒါကြောင့် ကျွန်တော်တို့က ဖက်ဒရယ် တပ်မတော်ပဲ ပြောတယ်။ ဖက်ဒ ရယ်ကောင်စီက ဘယ်မှာရှိသလဲ ဖက်ဒရယ်အင်အားစုက ဘယ်မှာရှိသလဲ အမိန့်ပေးမှာက ဘယ်သူလဲဆိုတဲ့ မေးခွန်းက ဖြစ်လာတယ်။ ဒါကြောင့် ကျွန်တော်တို့က အဆင့်လိုက်ပေါ့ဗျာ။ ဖက်ဒရယ်ကောင်စီ ဖက်ဒရယ် နိုင်ငံရေးအင်အားစု ပေါ်လာမှ ဖက်ဒရယ်တပ်မတော်က သူ့ရဲ့ ဦးဆောင်မှုအောက်မှာ ရှိရမယ်။ အဲဒီအတိုင်း ကျွန်တော်တို့ သွားသင့်တယ်လို့ ကျွန်တော်တို့ အတွေ့အကြုံရှိခဲ့ပါတယ်။

Most read this week

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...