ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသူသုံးဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။
လာရှိုးမြို့ ရပ်ကွက် (၅၊ ၆၊ ၇) တွင်နေထိုင်သည့် လူငယ်သုံးဦးကို ဧပြီ ၃ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားခဲ့ကြောင်းသိရသည်။
“သူတို့ ၃ ရက်နေ့ကလာဖမ်းသွားတာ။ လူငယ်သုံးဦးက ဆန္ဒထွက်ပြတယ်။ ရဲနဲ့ စစ်သားတွေကို သတင်းပေးတဲ့သူရှိလို့ လာဖမ်းတာဖြစ်နိုင်တယ်။ သတင်းပေးတဲ့သူမရှိရင်တော့ မလာနိုင်ဘူး” ဟု လာရှိုးမြို့ဒေသခံတစ်ဦးကပြောသည်။
ထိုအဖမ်းခံရသည့် လူငယ်များသည် အသက် ၁၈ နှစ်အရွယ် မောင်ခန့်မျိုးကျော်၊ အသက် ၁၉ နှစ်အရွယ် Oak New နှင့် အသက် ၂၁ နှစ်အရွယ် မချယ်ရီကျော်သင်းတို့ဖြစ်ကြောင်း သိရသည်။
လက်ရှိ လာရှိုးမြို့တွင် ဆန္ဒပြဦးဆောင်သူများသည် ရှောင်းတိမ်းနေရပြီး၊ အကြမ်းဖက်စစ်ကောင်စီက နာမည်တပ်၍ လိုက်လံဖမ်းဆီးနေကြောင်းသိရသည်။
“ဆန္ဒပြတာ ခေါင်းဆောင်လို့ထင်ရတဲ့သူတွေကို လိုက်ဖမ်းတာ။ အခုဆိုအားလုံးက တိမ်းရှောင်ပြီးနေရတယ်။ နာမည်တပ်ပြီးတော့ လိုက်ဖမ်းနေတယ်လို့တောင်းကြားတယ်” ဟုဒေသခံတစ်ဦးကပြောသည်။
လာရှိုးမြို့တွင် မတ် ၂၇ ရက်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် အကြမ်းဖက်စစ်ကောင်စီက ဆန္ဒပြလူငယ်သုံးဦးကို သေနတ်ပစ်သတ်ခဲ့ပြီး ဒဏ်ရာရရှိသူများစွာရှိခဲ့သည်။
ထို့ပြင် လားရှိုးမြိ့တွင် စစ်ကောင်စီအစိုးရ အလိုမရှိဆန္ဒပြရာတွင်လည်း ဖမ်းဆီးခံရသည် လူငယ်များစွာရှိကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက်မှစပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ သတ်ဖြတ်ခံရသူစုစုပေါင်း ၅၅၀ ကျော်ရှိပြီး၊ ထိုထဲတွင် ကလေးသူငယ် ၃၀ ကျော်ပါရှိကြောင်း AAPP ထုတ်ပြန်ချက်အရသိရသည်။
Published
Tuesday, April 06, 2021
ရှမ်းမြောက်တွင် လူငယ်သုံးဦး စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရ