ညမထွက်ရအမိန့် သတ်မှတ်ချိန်အတွင်း အရေးပေါ်ကူညီမှုများအား ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း မော်လမြိုင် RESCUE အရေးပေါ်လူနာကယ်ဆယ်ရေးအဖွဲ့မှ ကိုဇင်မိုးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။
မော်လမြိုင်၊ ကျိုက်ထို၊ ပေါင်၊ ချောင်းဆုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် ည ၈ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲဖြစ်သည်။
“မနေ့ညက ဈေးကြိုအဝိုင်းမှာ အက်စ်စီးဒန့်တစ်ခုဖြစ်လို့ အကူညီတောင်းလာတယ်။ ပြီးတော့ ကားတစ်စီး အဖွဲ့သားလေးယောက်နဲ့သွားတယ်။ တကယ်လို့ ည ၈ နာရီကျော် မသင်္ကာလို့စစ်ဆေးရင်လဲ တမျိုးပေါ့နော်။ ခုက ည ၇ နာရီကျော်ကျော်လေးပဲရှိသေးတယ်။ အကျိုးအကြောင်းမေးမြန်းလဲ မေးမြန်းပေါ့နော်။ ခုက ကလေးတွေကို ကားပေါ်ကနေ အတင်းဆင်းခိုင်းပြီးတော့ လမ်းဘေးမှာ ဒူးထောက်လက်မြှောက်ခိုင်းတယ် ဖုန်းတွေလည်း အစစ်ဆေးခံရတယ်။ ဒီလိုမျိုးတော့ မဖြစ်သင့်ဘူးလို့တော့ ထင်တာပေါ့နော်” ဟု ကိုဇင်မိုးက ဆိုသည်။
အလားတူ ပြီးခဲ့သည့် မတ်လ ပထမအပတ်တွင် ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည်လည်း ရန်ကုန်သို့ လူနာပို့ပြီးအပြန် ည ၈ နာရီကျော်အချိန်ခန့်၌ မော်လမြိုင် ဈေးကြိုအဝိုင်းတွင် ကားနှင့် ယာဉ်မောင်းများ၏ဖုန်းလည်း အစစ်ဆေးခံခဲ့ရကြောင်း သိရသည်။
ယင်းကဲ့သို့ ဖြစ်ပေါ်နေသည့်အခြေအနေကြောင့် မော်လမြိုင်အခြေစိုက် ဘိုဘိုဝင်း အရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းနှင့် အေးမြကြည်လင် အရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းများသည်လည်း ညမထွက်ရအမိန့်သတ်မှတ်ချိန်အတွင်း အရေးပေါ်ကူညီကယ်ဆယ်မှုများ ရပ်နားထားမည်ဖြစ်ကြောင်း ၎င်းတို့အသင်း၏ လူမှုကွန်ရက်စာမျက်နှာအသီးသီးပေါ်တွင် ရေးသားထားသည်ကို တွေ့ရှိရသည်။
“ည ၇ နာရီမှ နံနက် ၅ နာရီအထိ မည်သည့်အရေးပေါ်လူနာ ပို့ဆောင်လမ်းကြောင်းကိစ္စများအား အကူအညီပေးတော့မည်မဟုတ်ကြောင်း၊ မော်လမြိုင်မြို့သူ မြို့သားအနေဖြင့် နားလည်ခွင့်လွတ်ပေးနိုင်ပါရန် မေတ္တာရှေ့ထား အနူးအညွတ်တောင်းပန်အပ်ပါတယ်” ဟု ဘိုဘိုဝင်းအရေးပေါ်လူနာကယ်ဆယ်ရေးအဖွဲ့မှ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။
သို့ရာတွင် အထက်ဖော်ပြပါ ညပိုင်းအချိန်များမှအပ ကျန်နေ့ပိုင်းများတွင် ပုံမှန်အတိုင်း ဆက်လက်ကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။