“စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံအချက်လို့ ကျွန်တော်တို့မြင်ပါတယ်။ ကျွန်တော်တို့ ဝမ်းသာတယ်”

“စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံအချက်လို့ ကျွန်တော်တို့မြင်ပါတယ်။ ကျွန်တော်တို့ ဝမ်းသာတယ်”

ဖက်ဒရယ်ရေးရာနှင့် ပေါ်လစီစင်တာ၏ ဒါရိုက်တာ နိုင်ဗညားမွန်နှင့် အင်တာဗျူး

မတ် ၃၁ ရက်ညက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းလိုက်သည်ဟု ကြေညာသကဲ့သို့ တစ်ဖက်မှာလည်း အာဏာရှင်စနစ် ပပျောက်ရေး၊ ပြည်သူ့အစိုးရ ပေါ်ထွန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းကို ထုတ်ပြန်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ်ဖျက်သိမ်းကြောင်း ကြေညာချက်ကို တော်တော်များများက ကြိုဆိုခဲ့ကြပေမယ့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်းအပေါ်မှာတော့ လိုအပ်ချက်များရှိနေကြောင်း နိုင်ငံရေး လေ့လားသုံးသပ်သူများနှင့် ဥပဒေပညာရှင်အချို့က ဝေဖန်ထောက်ပြ ပြောဆိုနေကြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းလိုက်သည့်အတွက် ရှေ့ဆက် နိုင်ငံတော်တည်ဆောက်ရေးမှာ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်သလဲ၊ CRPH က ထုတ်ပြန်လိုက်သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်းမှာရော  ဘာလိုအပ်ချက်တွေ ရှိနေပါသလဲ စသည့် အကြောင်းအရာများကို ဖက်ဒရယ်ရေးရာနှင့် ပေါ်လစီစင်တာ၏ ဒါရိုက်တာ နိုင်ဗညားမွန်ကို ဆက်သွယ် မေးမြန်းဖြစ်ခဲ့ပါသည်။

မေး - မနေ့က CRPH ကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းကြောင်း ကြေညာလိုက်တဲ့အပေါ်မှာ နိုင်ငံရေးလေ့လာသုံးသပ်သူနှင့် ဖက်ဒရယ်အရေး လုပ်ဆောင်သူတစ်ယောက်အနေနဲ့ ဘယ်လိုမြင်သလဲ။

နိုင်ဗညားမွန် - မနေ့ကနေပြီးတော့ CRPH က နေပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာလိုက်တဲ့အပေါ်မှာ ကျနော် ဖက်ဒရယ်အရေး လုပ်လှုပ်ရှားသူတစ်ယောက်အနေနဲ့ပေါ့နော ် ဒီနိုင်ငံရေးလေ့လာသုံးသပ်သူတစ်ယောက်အနေနဲ့ပဲ ပြောပြောပေါ့ ဒါကိုတော့ ကွန်တော်တို့ ကြိုဆိုရမှာပဲလေ။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ကျွန်တော်တို့ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု လမ်းကြောင်းက ဘယ်လိုမှ ရောက်ရှိနိုင်တဲ့ လမ်းကြောင်းမဟုတ်ပါဘူး။ ဒါကြောင့် မရောက်ရှိအပြင် အဟန့်အတားလည်း ဖြစ်စေတဲ့ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်တယ်ပေါ့။ ဒါကြောင့် CRPH အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြောညာလိုက်တဲ့အပေါ်မှာကျတော့ ကျွန်တော်တို့ အနေနဲ့ ကြိုဆိုပါတယ်။

မေး - နောက်တစ်ချက်ကပဲ မနေ့က တစ်ရက်တည်းမှာပဲပေါ့နော CRPH က ဖက်ဒရယ်ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့ ကြေညာစာတမ်းတစ်စောင့် ထုတ်ထားတာကိုတွေ့ရတယ်။ အဲဒီကြေညာစာထုတ် လိုက်တဲ့အပေါ်မှာ ဆရာတို့အနေနဲ့ ဘယ်လိုသဘောထားရှိသလဲ။

နိုင်ဗညားမွန် - မနေ့က ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ပေါ့နော။ ဖက်ဒရယ် ဒီမိုကရေစီ ကြေညာစာတမ်း ထုတ်တဲ့အပေါ်မှာကျ တော့ ယေဘုယျအားဖြင့်တော့ ဒါက ကျွန်တော်တို့ ကြိုဆိုရမယ်လို့ ပထမအချက်အနေနဲ့ ပြောချင်တယ်။ ဒီဖက်ဒရယ် ပဋိညာဉ် ကြေညာစာတမ်းမှာ သူက အပိုင်း ၂ ပိုင်းရှိတယ်။ ပထမအပိုင်းကတော့ ကျနော်တို့ ဒီ အနာဂတ် ဖက်ဒရယ် တည်ဆောက်ရေးနဲ့ သက်ဆိုင်တဲ့ အခြေခံမူနဲ့ ဒုတိယ အပိုင်းမှာကျတော့ ကြားကာလဆိုင်ရာ အကောင်အထည် ဖော်ရေး ကိစ္စပေါ့။ ဒီကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ အစီအမံများအပိုင်း ဖြစ်ပါတယ်။ ဒီအပိုင်းကိုကျတော့ ကျွန်တော်တို့ တစ်အချက်အပေါ့လေ ယေဘုယျအနေနဲ့ ကျွန်တော်တို့ ကြိုဆိုပါတယ်။ အထူးသဖြင့် ဒီဖက်ဒရယ် ပထမအပိုင်းမှာ သူတို့ဦးတည်ချက် ရည်ရွယ်ချက်မှာပါတဲ့ တန်းတူရေးနဲ့  ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု  တည်ဆောက်ရေးဆို တဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ တိုင်းရင်းသား တွေရဲ့ လိုလားချက်နဲ့ ထပ်တူထပ်မျှဖြစ်တယ်လို့ မြင်ပါတယ်။ နောက်ပြီးတော့ နောက် နှစ်အချက်က ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံမူထဲမှာကျတော့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူထဲမှာ အဓိက အချက်ဖြစ်တဲ့ ဒီ ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များနဲ့ ပြည်နယ်များရှိ ပြည်သူတို့ရဲ့ အချုပ်အခြာအာဏာက မူလပိုင်ရှင်ဖြစ်တယ်ဆိုတာ အတိအကျဖော်ပြထားတဲ့အပေါ်မှာ ဒါက ဖက်ဒရယ်ပြည်ထောင်စု အချုပ်အခြာအာဏာက ပြည်နယ်သူပြည်နယ်သားမှာ လက်ထဲမှာရှိတယ်ဆိုတာ ဖော်ညွှန်းတာဖြစ်တယ်။ ဒါက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံအချက်လို့ ကျွန်တော်တို့ မြင်ပါတယ်။ နောက်တစ်ခုက အခြေခံမူထဲမှာပါတဲ့ သုံးထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံ Principal ဖြစ်တယ်လို့ ကျွန်တော်တို့ ယူဆတယ်။ ဒါကြောင့် ကျွန်တော်တို့ ဝမ်းသာတယ်။ ကြိုဆိုတယ်လို့ ကျွန်တော်တို့ ပြောရမှာဖြစ်ပါတယ်။

မေး - ဒီကြေညာစာတမ်းကနေ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်နှင့် ဒီမိုကရေစီပြည်ထောင်စု၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ တန်းတူအခွင့်အရေး၊ အဲဒါတွေက တကယ်ပဲရနိုင်သလား။ ဆရာတို့အနေနဲ့ ဘယ်လိုမြင်သလဲ။

နိုင်ဗညားမွန် - အခုကြေညာစာတမ်းက ကျနော်နားလည်မှုအရ ပြောရရင်တော့ ကျွန်တော်တို့ အားလုံးရဲ့ အခြေခံ သဘောတူညီ ချက်ပေါ့၊ အခြေခံမူလို့ ပြောလို့ရတယ်ပေါ့နော်။ ဒီအခြေခံမူအပေါ်မှာ မူတည်ပြီးတော့ ဒီအခြေခံ သဘောတူ ချက်မှာ အခြေခံပြီးတော့ ရှေ့ဆက်ပြီးတော့ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေ အများကြီးရှိပါသေး တယ်။ ဆိုတော့ တစ်အချက်က ကြေညာလိုက်တဲ့ ပဋိညာဉ်စာတမ်းပေါ်မှာ အခြေခံပြီးတော့ ၂၀၀၈ အခြေခံဥ ပဒေကို ဖျက်သိမ်းလိုက်တဲ့အခါမျာကျတော့ ဖက်ဒရယ်ုပြည်ထောင်စု ဆိုင်ရာ အခြေခံဥပဒေကို ကျွန်တော်တို့ ဆက်လက် ပြီးတော့ ရေးဆွဲပြဌာန်းရအုံးမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ယနေ့ကာလမှာ ဒီဖက်ဒရယ် ပြည်ထောင်စု ကို သွားနိုင်ဖို့အတွက်ပေါ့ ယနေ့ကာလမှာ ကျတော့ ဒီ ယနေ့သွားနေတဲ့ လူထု တိုက်ပွဲ လူထု တော်လှန်ရေးကိုလည်း အောင်မြင်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတဲ့အပိုင်းတွေ လည်း အများကြီး မူတည်လိမ့်မယ်ထင်ပါတယ်။ ဒါကြောင့် ဒီ ၂ ချက်ကို ကျနော်တို့က ဆက်လက်လုပ်ဆောင်ဖို့ လိုလိမ့်မယ်လို့ မြင်ပါတယ်။

မေး - ဒီကြေညာစာတမ်းထွက်လာပြီးတဲ့နောက် ဝေဖန်သုံးသပ်မှုတွေ တစ်ချို့ထွက်ပေါ်လာတာတွေရှိတယ်။ ဘယ်လိုလဲဆိုတော့ NLD အစိုးရပေါ့နော်။ ဒီ CRPH ကို အသေးစားအာဏာရှင် ဆန်သွားမယ့် ပုံစံမျိုး စိုးရိမ်မှုတွေရှိတယ်။ ဆရာတို့အနေနဲ့ အဲဒီအပေါ်မှာ ဘယ်လိုမြင်သလဲ။

နိုင်ဗညားမွန် - အထူးသဖြင့် သူတို့ရဲ့ ဖက်ဒရယ်ဒီမိုကရေစီ ကြေညာစာတမ်း အပိုင်း ၂ မှာဖြစ်တဲ့ ကြားကာလ ဖွဲ့စည်းပုံဆိုင်ရာ အစီအမံထဲမှာကျတော့ အချို့အချက်တွေက မရှင်းတဲ့ အချက်တွေ ရှိနေသလိုလို ခံစားမိပါတယ်။ အဲတော့ အထူးသဖြင့် ဒီဝန်ကြီးဌာန ဖွဲ့စည်းပုံတို့ နောက်ပြီးတော့ အစိုးရဖွဲ့စည်းပုံက လက်ရှိဖြစ်ပေါ်နေတဲ့ ဒီ ၂၀၀၈ ရဲ့ ဒီ Concept အောက်မှာဖြစ်နေသလားဆိုတဲ့ သုံးသပ်မှုတွေလည်း  မြင်မိပါတယ်။ အဲတော့ ကျွန်တော်မြင်တာက ဒီ Time Pressure ကြောင့် အချို့အချက်တွေက မရှင်းတဲ့အချက်တွေပါနိုင်တာဖြစ်သလို အချို့ မပြည်စုံတဲ့ အချက်ပါနိုင်တယ်လို့လည်း နား လည်ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဆိုလိုတာ ဘယ်လိုပဲပြောပြော ဒီကောင်က အခြေခံရဲ့ အခြေခံ Agreement လို့ ကျွန်တော်ယူဆတဲ့အပေါ်မှာကျတော့ အချို့အချက်တွေမှာကျတော့ CRPH အနေနဲ့ အပေးအယူ အလျှော့အတင်း လုပ်နိုင်လိမ့်လို့ ယူဆပါတယ်။ ဒါကိုကျတော့ အသေဆုပ်ကိုင်ထားတာမဟုတ်ဘူးလို့ အဲသလိုပဲ ကျွန်တော်နားလည်မိပါတယ်။

မေး - ဆရာအနေနဲ့ ဘာမှာဖြည်စွတ်ပြောစရာများရှိသေးလဲ။

နိုင်ဗညားမွန် - တစ်အချက်ကတော့ ဒီလုပ်ငန်းသဘောအရ ၂၀၀၈ ဖျက်သိမ်းကိုကျတော့ ဒီမှန်ကန်တဲ့လုပ်ရပ်လို့ ကျနော်ဆိုချင်ပါတယ်။ ကြိုဆိုရမယ့်လုပ်ရပ်လို့ ဆိုချင်ပါတယ်။ နှစ်အချက်က ဒီပဋိညာဉ်စာတမ်းက ကြိုဆိုရတဲ့လုပ်ငန်းဆိုပေမယ့်လည်း တကယ်တမ်းကျတော့ အချို့အချက်အလက်တွေကျတော့ ကျန်ကောင်းကျန်နိုင်တဲ့ အနေအထားမျိုးဖြစ်တယ်ပေါ့။ အထူးသဖြင့် ကြားကာလ ဖွဲ့စည်းပုံဆိုင်ရာ အစီအမံထဲမှာကျတော့ အချို့ပြောစရာ အချက်တွေတော့ နည်းနည်းရှိနေပါသေးတယ်။ ဒီအပေါ်မှာကျတော့ CRPH အနေနဲ့ ဆိုင်ရာအင်အားစုများနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ အားလုံးပါဝင်နိုင်တဲ့ အနေအထားကို အားလုံးစုပေါင်းလက်ခံနိုင်တဲ့ အနေအထားမျိုးဖြစ်အောင်တော့ အချို့ဟာကျတော့ ပြင်ဖို့လိုလိမ့်မယ်လို့ ပြောချင်ပါတယ်ခင်ဗျား။

Most read this week

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...