တရားမဝင် အာဏာသိမ်းယူထားသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များကို ရင်ဆိုင်တိုက်ခိုက်သွားမည်ဖြစ်ပြီး တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာမည့် စစ်ဘေးရှောင်များကို နိုင်ငံတကာအသိုင်းအဝန်းမှ အကူအညီပေးရန် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ က မေတ္တာရပ်ခံတောင်းဆိုလိုက်သည်။
ကရင်ပြည်သူများ၏ နယ်မြေများနှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို ကာကွယ်ရန်အတွက် အာဏာသိမ်းစစ်ကောင်စီတပ်များ၏ရန်ကို ရင်ဆိုင်ရန်မှတပါး အခြားမရှိဟု KNU တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်၏ မတ် ၃၀ ရက် (ယမန်နေ့) ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။
KNU တပ်မဟာ ၅ ၏ ထုတ်ပြန်ချက်အရ “ဤအခြေအနေကြောင့် ကျွန်ုပ်တို့ ပြည်သူလူထုတို့၏ အသက်အိုးအိမ်လုံခြုံရေးအတွက် အလွန်စိုးရိမ်ပူပန်ရပါသည်။ ကျွန်ုပ်တို့၏ နယ်မြေ၊ ကရင်လူထုနှင့် ၎င်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ကာကွယ်ရန်အတွက် တိုင်းပြည်အာဏာကို တရားမဝင်သိမ်းယူထားသော မြန်မာတပ်မတော်၏ရန်ကို ရင်ဆိုင်ခြင်းမှတပါး ကျွန်ုပ်တို့၌ အခြားရွေးချယ်စရာ လမ်းမရှိတော့ပါ” ဟုဆိုသည်။
ထို့အပြင် တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်ကြရမည့် စစ်ဘေးရှောင်များကို ထိုင်းအစိုးရနှင့် နိုင်ငံတကာမှ အကာအကွယ်ပေးရန်နှင့် လူသားချင်းစာနာသည့် အထောက်အပံ့ပေးရန် KNU တပ်မဟာ ၅ က မေတ္တာရပ်ခံတောင်းဆိုထားသေးသည်။
၎င်းတို့က “တော်ဝင်ထိုင်းအစိုးရအပါအဝင် နိုင်ငံတကာအဖွဲ့ အသိုင်းအဝန်းများအနေဖြင့် မြန်မာတပ်မတော်၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ကိုယ်လွတ်ရုန်း ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူလူထုများကို အကာအကွယ်ပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ပေးရန် အနူးအညွှတ်တောင်းဆိုပါသည်” ဟု KNU တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်က ပြောသည်။
တိုင်းပြည်အာဏာကို မတရားသိမ်းယူထားသော မြန်မာတပ်မတော်အား အသိအမှတ်မပြုရန်နှင့် ၎င်းတို့နှင့်လုပ်ဆောင်နေသည့် စစ်ရေးနှင့် စီးပွားရေးဆိုင်ရာ ရင်းနှီးဆက်ဆံမှုအားလုံးကို ရပ်တန့်ရန် နိုင်ငံတကာအသိုင်းအဝန်းအား KNU တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်က တောင်းဆိုထားသည်။
ထို့ပြင် KNU တပ်မဟာ ၅ ၏ ထုတ်ပြန်ချက်ထဲတွင် လူသားမျိုးနွယ်အားလုံးကို ဆန့်ကျင်သောပြစ်မှုကို မြောက်စေသည့် ပြည်သူလူထုအပေါ် လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် နိုင်ငံတကာအသိုင်းအဝန်းက ဖက်စစ်မြန်မာတပ်မတော်ကို ဖိအားပေးပါရန် တောင်းဆိုပါသည်ဟု ထည့်သွင်းထားသည်။
လက်ရှိတွင် KNU တပ်မဟာ ၅ နယ်မြေအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်များနှင့် KNU တပ်မဟာ ၅ တပ်ရင်းတပ်ဖွဲ့တို့အကြား မတ် ၂၇ ရက် နောက်ပိုင်းမှစတင်ပြီးနောက် တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာနေသည်။
KNU တပ်မဟာ ၅ နယ်မြေတွင်သာမက တပ်မဟာ ၅ နှင့် နယ်မြေချင်းထိစပ်နေသည့် KNU တပ်မဟာ ၃ နယ်မြေများတွင်ပါ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက လက်နက်ကြီးပစ်ခတ်မှုများအပြင် လေယာဉ်များနှင့်ပါ လာရောက်ပစ်ခတ်တိုက်ခိုက်လာသည့်အတွက် ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များသည် များသောအားဖြင့် ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများလည်းပါရှိနေပြီး ၎င်းတို့အတွက် ရေနှင့် အစားအသောက်များအပြင် အဖက်ဖက်မှအကူအညီများ လိုအပ်နေသည်ဟု ကရင်အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။
ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များမှာ၊ မယ်နူထာရွာ၊ သီးကော်ထာရွာ၊ အီးသူထာရွာ၊ အူးဝေးကလိုးရွာ စသည့် ကျေးရွာများမှာ သံလွင်မြစ်ကမ်းနှင့်နီးသည့် ကျေးရွာများဖြစ်သည့်အတွက် ထိုင်းဖက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ထိုင်းအစိုးရက လက်မခံပဲ ပြန်လည်မောင်းထုတ်ခဲ့သည်ဟု ကရင်အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။
ထို့အပြင် တကောတိုဘောရွာ၊ ဒေပိုနိုရွာ၊ သဒါးဒဲရွာ စသည့် သံလွင်မြစ်နှင့်မနီးသည့် ကျေးရွာများမှ ပြည်သူများသည်လည်း တိုက်ပွဲများကြောင့် တောထဲတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
အဆိုပါ စစ်ဘေးဒုက္ခသည်များကို ထိုင်းအစိုးရနှင့် နိုင်ငံတကားအသိုင်းအဝန်းမှ အကာအကွယ်ပေးရန်နှင့် လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးရန် KNU တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်က ထိုင်းအစိုးရနှင့် နိုင်ငံတကာအဝိုင်းအဝန်းအား တောင်းဆိုထားသည်။