KIA တပ်မဟာ ၂ လက်အောက်ရှိ တပ်ရင်းနှစ်ခုကို အာဏာသိမ်းစစ်ကောင်စီ၏တပ်က ဂျက်လေယာဉ်များဖြင့် တိုက်ခိုက်

KIA တပ်မဟာ ၂ လက်အောက်ရှိ တပ်ရင်းနှစ်ခုကို အာဏာသိမ်းစစ်ကောင်စီ၏တပ်က ဂျက်လေယာဉ်များဖြင့် တိုက်ခိုက်
by -
ခေါင်ညွယ် (KNG)

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ လက်အောက်ရှိ တပ်ရင်းနှစ်ခုဖြစ်သည့် တပ်ရင်း ၁၄ နှင့် တပ်ရင်း ၁၁ နယ်မြေများကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်က ဂျက်လေယာဉ်များဖြင့်တိုက်ခိုက်မှု ယနေ့ (မတ် ၃၀ ရက်) ညနေပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တပ်ရင်းများကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်က ဂျက်လေယာဉ်နှစ်စီးစီဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

ဟူးကောင်းချိုင့်ဝှမ်းဒေသ KIA တပ်ရင်း ၁၄ နယ်မြေရှိ တပ်စခန်းတစ်ခုကို ယနေ့ ညနေ ၄ နာရီခန့်အချိန် ဂျက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 

“ဒီဘက် ၁၄ ဘက်မှာ လေယာဉ်နှစ်စီးနဲ့ လာပစ်တယ်။ ဒါကြောင့် လူကြီးတွေက ကျွန်တော်တို့အလုပ်လုပ်တာကို ခဏနားထားခိုင်းတယ်” ဟု ဟူးကောင်းချိုင့်ဝှမ်းဒေသခံတစ်ဦးက ပြောသည်။

 

အလားတူ ညနေ ၅ နာရီခန့်တွင် မိုးကောင်းမြို့နယ် KIA တပ်ရင်း ၁၁ နေရာ ကဆုန်ဘက်ကိုလည်း အာဏာသိမ်းစစ်တပ်က ဂျက်လေယာဉ် နှစ်စီးဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

 

ထိုသို့ KIA တပ်မဟာ ၂ အောက် တပ်ရင်းနှစ်ခုကို တစ်ချိန်တည်း တိုက်ခိုက်ခဲ့သော်လည်း KIA ဘက်က ထိခိုက်မှုမရှိကြောင်း သိရသည်။

 

KIA တပ်ရင်း ၁၄ သည် တပ်မဟာ ၂ ဌာနချုပ်တည်ရှိသောနယ်မြေဖြစ်ပြီး ရွှေနှင့် ပယင်း အလွန်ထွက်ရှိရာဒေသဖြစ်သောကြောင့် ၂၀၁၈ ခုနှစ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးရင်းဖြင့် ထိုနေရာများကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

 

တပ်ရင်း ၁၁ ၏ လှုပ်ရှားနေရာသည် မိုးကောင်းမြို့နယ်နှင့် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အထိဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များသည် မိုးမောက်မြို့နယ် KIA တပ်မဟာ ၃ အောက် တပ်ရင်း ၁၅ နှင့် ၂၇ နယ်မြေတို့ကိုလည်း  ၁၂၀ မမ လက်နက်ကြီးများဖြင့် မတ် ၂၈ ရက် ညပိုင်းကတည်းက ပစ်ခတ်ခဲ့ကြောင်း KIO သတင်းများတွင် ဖော်ပြထားသည်။

 

ဆန္ဒပြပြည်သူများကို ပစ်သတ်သော အာဏာသိမ်းစစ်တပ်နှင့်အတူ ၎င်းလက်အောက်ရှိ ရဲတပ်ဖွဲ့များကို KIA က မတ် ၁၁ ရက်မှစတင်၍ တိုက်ခိုက်ဖျက်စီးမှုများ ပြုလုပ်လျက်ရှိပြီး အာဏာသိမ်းစစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များ အထိနာလျက်ရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...