ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးနှင့် အင်တာဗျူး
ပြီးခဲ့သည့် မတ် ၂၇ က ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ က ၎င်းတို့နယ်မြေရှိ အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင် တပ်စခန်းတစ်ခုကို ဝင်ရောက်သိမ်းပိုက်လိုက်သည့်နောက်ပိုင်း စစ်ကောင်စီမှ တပ်မဟာ ၅ နယ်မြေရှိ ကျေးရွာများအတွင်းသို့ လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုများရှိခဲ့သည်။ ထိုသို့ လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံကျေးရွာသားအချို့ သေကြေဒဏ်ရာရရှိမှုများ ရှိလာသည့်အပြင် ရွာလုံးကျွတ်မှာလည်း စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
အချို့မှာ တောထဲသို့ထွက်ပြေးနေရပြီး သံလွင်မြစ်ကမ်းဘေးနားတွင်တည်ရှိသည့် ကျေးရွာများမှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများ၏ နေထိုင်စားသောက်ရေးအခြေအနေ၊ လက်ရှိတပ်မဟာ ၅ ဧရိယာဖက်မှ စစ်ရေးအခြေအနေ စသည့် အကြောင်းအရာများကို ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN မှ ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးကို ဆက်သွယ်မေးမြန်းထားသည်။
မေး - အာဏာသိမ်းစစ်ကောင်စီကနေ ဒီ သံလွင်ငြိမ်းချမ်းရေး ဥယာဉ်အတွင်းမှာရှိတဲ့ ရွာတွေကို လေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်တဲ့အပေါ် ထုတ်ပြန်ထားတာတွေ့ရတယ်။ ဘာကြောင့်လဲ။
နော်ဝါးခူရှီး - ထုတ်ပြန်ချက်ထုတ်ရတဲ့ အကြောင်းအရင်းက မြန်မာစစ်အာဏာရှင်အဖွဲ့က လေယာဉ်နှင့် သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်အတွင်းက ဒေသတွေကို လာရောက်ပစ်ခတ်တာကြောင့်ဖြစ်တယ်။ အဲဒီမှာ ဒေသခံတွေ သေကြေဒဏ်ရာရတာတွေ၊ ကျေးရွာတွေကို ဖျက်ဆီးတာတွေကြောင့် ထုတ်ပြန်ရတာဖြစ်တယ်ပေါ့နော်။
မေး - ဒီထုတ်ပြန်ချက်က ဘာတွေကို အဓိကတောင်းဆိုချင်တာလဲ။
နော်ဝါးခူရှီး - ကျွန်မတို့ တောင်းဆိုတာက စစ်အာဏာရှင်တွေက လေယာဉ်ပျံတွေ သုံးပြီးတော့ ဒေသတွင်းမှာ လာရောက်ပစ် ခတ်နေတာတွေကို ရပ်ပေးဖို့ပေါ့နော။ ပြည်တွင်းစစ်မှာ အဲလိုလေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်တာဆိုတာက နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက် တာပေါ့နော။ လေယာဉ်တွေနဲ့ ပစ်ခတ်တာတွေဆိုတာက ပြည်တွင်းစစ်မှာ မသုံးရဘူး။ တိုင်းပြည်ကာကွယ်ဖို့အတွက် တစ်ခြားနိုင်ငံက ရန်သူတွေကို တိုက်တဲ့အခါမှသာ သုံးရတာဖြစ်တယ်။ နောက်တစ်ခုက သူတို့က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ရမယ်ပေါ့နော။ ပြီးတော့ ဌာနေတိုင်းရင်းသားတွေ လုပ်ကိုင်စားသောက်နေတဲ့ နေရာမှာ တပ်စွဲထားတဲ့ သူတို့ရဲ့ စစ်တပ်တွေကို ပြန်ရုတ်သိမ်းဖို့ဖြစ်တယ်။ပြီးတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သူတွေကို လာရောက်ကူညီပေးမယ့် အကူအညီပေးတဲ့အဖွဲ့တွေကို လမ်းဖွင့်ပေးဖို့ နိုင်ငံတကာကလည်း ထွက်ပြေးနေရတဲ့သူတွေကို အကူအညီပေးဖို့၊ စစ်အာဏာရှင်က သူတို့ရယူထားတဲ့အာဏာကို ပြည်သူတွေကို ပြန်ပေးရမယ်။ ပြည်သူတွေက ဖက်ဒရယ်နိုင်ငံတော်ကို တည်ထောင်ခွင့်၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ တန်းတူအခွင့်အရေးရှိရမယ်။ နောက်တစ်ခုက အဓိကတောင်းဆိုချင်တာကတော့ နိုင်ငံတ ကာကနေ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ ခံနေရတဲ့ မြန်မာပြည်သား တွေကို ကူညီကာကွယ်ပေးဖို့၊ ပြီးတော့ ကုလသမဂ္ဂ လုံခြုရေး ကောင်စီက မြန်မာနိုင်ငံက ကိစ္စရပ်တွေကို ICC တင်သွင်းဖို့ရယ် နောက်တစ်ခုက ကုလသမဂ္ဂလုံခြုံရေးကောင်စီက အခြေအနေကို စောင့်ကြည့်တဲ့ စောင့်ကြည့်ရေးအဖွဲ့ကို စေလွှတ်ပေးဖို့ ဖြစ်တယ်။ပြီးတော့ အာဏာသိမ်းစစ်ကောင်စီရဲ လက်နက်ခဲ့ယမ်း ဝယ်ယူ မှုကို ပိတ်ပင်တားဆီးဖို့ စတာတွေကို UN က လုပ်ဆောင်ပေး ဖို့အတွက်ဖြစ်တယ်။
မေး - ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာက တားဆီးပေးဖို့နှင့် UN ကနေ စစ်ကောင်စီကို အပြစ်ပေးအရေးယူဖို့ဆိုပြီး ထည့်သွင်းထားတာတွေ့ရတယ်။ အဲဒီအချက် ဘာကြောင့် ထည့်သွင်းတောင်းဆိုခဲ့တာလဲ။
နော်ဝါးခူရှီး - အခုက ကရင်တိုင်းရင်းသား ဒေသအတွင်းမှာမှ မဟုတ်ဘူး။ သွေးချောင်းစီးစေတဲ့၊ လူ့အသက် သေစေတဲ့ အကြမ်းဖက်ဖျက်ဆီးနေတဲ့ လုပ်ရပ်တွေက မြို့တော်တော်များများမှာ ဖြစ်နေတယ်။ ဒီလိုဆက်ဖြစ် နေတာတွေကို နိုင်ငံတကာ အနေဖြင့် တာဝန်ယူပေးဖို့လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာ သိမ်းလိုက်တဲ့အတွက် တိုင်းသူပြည်သားတွေကို ကာကွယ်ပေးတဲ့ အစိုးရမရှိတော့ဘူး။ အာဏာသိမ်းစစ်တပ်က တိုင်းသူပြည်သားတွေကို အကြမ်းဖက်နှိမ်စက်နေတဲ့အတွက် နိုင်ငံတကာ တိုင်းပြည်တွေအနေနဲ့ မြန်မာ ပြည်သားတွေကို ဒီလိုလုပ်ရပ်တွေကနေ ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။ ပြီးတော့ အဓိက ဒီလိုအကြမ်းဖက်မှု တွေကို လုပ်ဆောင်နေတဲ့ စစ်အာဏာရှင်တွေကို အပြစ်ပေးအရေးယူပေးဖို့ နောက်တစ်ခုက တိုင်းပြည်မှာ ဥပဒေတွေ အသုံးပြုလို့ မရတော့တဲ့အတွက် နိုင်ငံတကာ ဥပဒေအပေါ်မှာ ရပ်တည်ပြီး ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်ကို တွန်းအားပေးဖို့ အပြစ်ပေးအရေးယူပေးဖို့ နှင့် တိုင်းသူ ပြည်သားတွေကို အကာအကွယ်ပေးဖို့အတွက်ဖြစ်တယ်။
မေး - အခု အဲဒီဒေသမှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ အခြေအနေ ဘယ်လိုရှိနေသလဲ။
နော်ဝါခူရှီး - အခုတော့ ဒေသခံ ပြည်သူတွေကတော့ ထွက်ပြေးနေရတယ်ပေါ့နော။ မယ်နူထာ၊ ခိုကေး၊ အူးဝဲကလိုး အဲဒီ သံလွင်မြစ်ဘေးက လူတွေကတော့ ထိုင်းဖက်ကို ထွက်ပြေးနေရတယ်။ အဲမှာ လူဦးရေ သုံးထောင်လောက်ရှိ တယ်ပေါ့နော။ ဒါပေမယ့် တပ်မဟာ ၅ ဒေဖိုးနိုဖက်က လူတွေကတော့ သူတို့ ဘေးလွတ်ရာဖက်ကို ထွက်ပြေးနေရတယ်ပေါ့နော်။ လူဦးရေ ဘယ်လောက်ထွက်ပြေးနေရလဲဆိုတာကိုတော့ အတိအကျ မသိရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းလိုင်းတွေ မရတော့လို့လေ။ ဆက်သွယ်ရေး လိုင်းတွေ ဖြတ်တောက်သွားတဲ့အတွက် တစ်ဖက်နှင့် တစ်ဖက် ဆက်သွယ်လို့ မရဘူး။ အဲဒါကြောင့် အဲဖက်က နောက်ဆုံး အခြေအနေကို မသိရဘူးဖြစ်နေတယ်။
မေး - ထိုင်းဖက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတော့ ထိုင်းဖက်က သဘောထားကရော ဘယ်လိုရှိသလဲ။ ဘယ်လိုတွေ့ရသလဲ။
နော်ဝါးခူရှီး - သူတို့ ထိုင်းဖက်ကို ထွက်ပြေးတဲ့အခါမှာ ဘာတွေ့ရသလဲဆိုတော့ သူတို့အတွက် အခက်အခဲရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းက သူတို့ကို ဒီဖက်ကို လာတာကို လက်ခံချင်တဲ့ပုံမတွေ့ရဘူး။ ဒါပေမယ့် လာလို့ရတယ်။ အခုသူတို့ကို နေပူတဲ့နေရာ ရေမရှိ တဲ့နေရာကို ပြောင်းပေးထားတယ်။ ရေမရှိ တဲ့အတွက် ကလေးတွေရော ကိုယ်ဝန်ဆောင်တွေရော သက်ကြီးရွယ်အိုတွေရော၊ နာမကျန်းတဲ့သူတွေရော စတဲ့ ထွက်ပြေးလာတဲ့သူတွေအတွက် အခက်အခဲဖြစ်စေတယ်။ နေဖို့နေရာမရှိဘူး အဆောက်အအုံမရှိဘူး။ ကလေးတွေက ဗိုက်ဆာတာတွေ ရေသောက်ချင်တာတွေရှိပေမယ့် ရေမသောက်ရဘူး။ အဲဒီမှာ အကူအညီပေး မယ့်အဖွဲ့အစည်းတွေနှင့် သတင်းမီဒီယာတွေ သွားရောက် ချင်ပေမယ့် ထိုင်းစစ်တပ်က အခွင့်မပေးဘူး။ အဲဒါကြောင့် အသက်ကြီးတဲ့သူတွေထဲက တစ်ချို့ကတော့ စားစရာတွေကို ဟိုဖက်ကမ်းမှာ သွားပြန်ယူရ တာရှိတယ်။ စားစရာတွေ ရေတွေကို သူတို့ရဲ့ ရွာမှာ ပြန်ယူနေရတယ်။
မေး - ထွက်ပြေးတိမ်းရှောင်လာသူတွေအတွက် စားဝတ်နေရေးရော၊ နေရေးထိုင်ရေးရော အစစအရာရာ အခက်အခဲရှိနေတယ်ဆိုတော့ အကူအညီပေးနိုင်ဖို့အတွက် အစ်မတို့ဖက်က ဘယ်လိုကူညီလုပ်ဆောင်ပေးဖို့ရှိသလဲ။
နော်ဝါးခူရှီး - အခုအချိန်က ကျွန်မတို့ အကူအညီပေးမယ့်အဖွဲ့တွေကို အကူအညီတောင်းဖို့ဆိုတာ အခက်အခဲမဟုတ်ဘူး။ အခက်အ ခဲက သူတို့ဆီသွားဖို့ကို ထိုင်းစစ်တပ်ဖက်က ခွင့်မပြုဘူး။ အကူအညီပေးဖို့ သွားရောက်မယ့် အဖွဲ့အစည်းတွေက သူတို့ဆီကို ရောက်အောင်သွားဖို့ဆိုတာ အခက်အခဲတွေရှိနေတယ်။ အစားအသောက်တွေ သယ်သွားတာတို့ လိုအပ်တာတွေ သွားပို့ပေးဖို့ ထိုင်းစစ်တပ်ဖက် ခွင့်မပြုတဲ့အတွက် အခက်အခဲဖြစ်နေတာ ဟုတ်တယ်ပေါ့နော်။ အဲဒါက ကျမတို့ စဉ်းစားတာက အခုက NGO အဖွဲ့အစည်း တွေပဲဖြစ်ဖြစ် UNHCR ပဲဖြစ်ဖြစ် ထိုင်းနိုင်ငံက အကူအညီပေးတဲ့ အဖွဲ့တွေပဲဖြစ်ဖြစ် ထွက်ပြေးလာတဲ့ သူတွေကို အကူအညီသွားပေးလို့ရအောင် တွန်းအေားပေးဖို့ ဘာဖြစ်လို့လဲဆိုတော့ ထွက်ပြေးလာတဲ့သူတွေက များသောအားဖြင့် ကလေးတွေပဲဖြစ်တယ်ပေါ့နော်။
မေး - ထွက်ပြေးလာတဲ့သူတွေကို ထိုင်းဖက်က ဘယ်နေရာမှာ ထားတာလဲ။
နော်ဝါးခူရှီး - ထွက်ပြေးလာတဲ့သူတွေကို ထိုင်းဖက် ကလိုပါလား အဲဒီဖက်မှာ ထားတယ်။ သူတို့ခေါ်တာ နာမည်တစ်ခုရှိသေးတယ်။ မမှတ်မိတော့ဘူး။ ဒါပေမယ့် အဲဒီနေရာကတော့ ရေမရှိတဲ့နေရာ ခြောက်သွေ့ပူး ပြင်းတဲ့ သံလွင်မြစ်ကမ်းဘေးကနေရာဖြစ်တယ်။အဲဒီနေရာက မဲဟောင်ဆောင်ခရိုင်ဖက်မှာ ဖြစ်တယ်။ တပ်မ ဟာ ၅ ဧရိယာဖက်မှာဖြစ်တယ်။ သူက တပ်မဟာ ၅ နယ်စပ်နဲ့ နီးတယ်ပေါ့နော။
မေး - တပ်မဟာ ၅ ဧရိယာဖက်ကို အာဏာသိမ်းစစ်ကောင်စီဖက်က လေယာဉ်နဲ့ လာရောက်ပစ်ခတ်တဲ့အတွက် အဲမှာရှိနေတဲ့ ရွာသားတွေ ထိခိုက်ဒဏ်ရာရတာ လူအသေအပျောက်တွေရှိလား။ ဘယ်လောက်အထိရှိနေသလဲ။
နော်ဝါးခူရှီး - သူတို့က ဗုံးလာပစ်ချတယ်။ သေနတတွေလည်းပစ်တယ်။ အဲဒီမျာ လူ သုံးလေးလောက် သေ တယ်။ ထိခိုက်ဒဏ်ရာရတာက ရှစ်ယောက်လောက်ရှိတယ်။ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ဆေးကုသဖို့အတွက် ထိုင်းဖက်ကို ပို့ဖို့လိုတယ်။ ဒါပေမယ့် ထိုင်းဖက်ကိုပို့ဖို့က မလွယ်ဘူးဖြစ်နေတယ်။ သူတို့တွေက ထိခိုက်ဒဏ်ရာရတာ တော်တော်ပြင်းပြင်းထန်ထန်ဖြစ်တယ်။ သေတဲ့လူတွေကလည်း ကျေးရွာ သားတွေဖြစ်တယ်။ ကလေးတွေဖြစ်တယ်။
မေး - အာဏာသိမ်းစစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ပစ်ခတ်တော့ အိမ်တွေလည်း မီးလောင်တာတွေတွေ့ရတယ်။ ရွာသားတွေရဲ့ အိမ်ခြေဘယ်လောက် မီးလောင်ပျက်စီးမှုတွေရှိသလဲ။
နော်ဝါးခူရှီး - အိမ်မီးလောင်တဲ့ အရေအတွက်ကို သူတို့ တိတိကျကျ ပြောလို့မရသေးဘူး။ ဒေသအခြေအနေက မတ ည်မငြိမ်ဖြစ်နေဆဲဖြစ်တဲ့အတွက်ကြောင့်ရယ် လေယာဉ်တွေကလည်း အချိန်မရွေး ဗုံးလာကြဲနိုင်တဲ့အ တွက် အချက်အလက် တိတိကျကျ ရဖို့ခက်နေတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ အဆောက်အဦး တော်တော်များများ မီးလောင်သွားတယ်လို့ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဆောက်အဦးတွေက ဝါးနှင့် သစ်တွေပဲ ဖြစ်လို့လေနော်။
မေး - ထွက်ပြေးတိမ်းရှောင်လာတဲ့ ရွာတွေက ဘယ်နှစ်ရွာလောက်ရှိသလဲ
နော်ဝါးခူရှီး - ဒေပိုနိုရွာ၊ မယ်နူထာ၊ သီးကော်ထာ၊ ပြီးတော့ အီးသူးထာလည်းပါတယ်။ အဲဒါက သူတို့တွေက ထိုင်းဖက်ကို ထွက်ပြေးတိမ်းရှောင်တာဟုတ်တယ်။ မယ်နူထာနဲ့ အူးဝေကလိုး၊ အီးသူးထာရွာတွေက သံလွင်မြစ်နဲ့ နီးတဲ့အတွက် သူတို့က ထိုင်းဖက်ကို ထွက်ပြေးရတယ်။ ပြီးတော့ ဒေပိုနိုရွားနဲ့ နီးတဲ့ရွာရှိတယ်။ တကောတိုဘော၊ ဒေပိုနို၊ ပြီးတော့ သဒါးဒဲ၊ အဲဒီက ရွာသားတွေက တောထဲကို ထွက်ပြေးနေရတယ်။
မေး - ဒီနေ့ရော တိုက်ပွဲဖြစ်သေးလား။ အဲဖက်မှာ ဘယ်လိုကြားထားသေးလဲ။
နော်ဝါးခူရှီး - ဒီနေ့မှာလည်း သူတို့လာပစ်တာတွေရှိတယ်။ မနေ့ညက သူတို့ သုံးခေါက်လာပစ်တာရှိတယ်။ အခုလည်း မနက်ကနှင့် ဒီနေ့ခင်းဖက်မှာလည်း သူတို့လာပစ်မယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရတယ်။ ခုနက လေယာဉ် ငါးစင်းထွက်လာတယ်လို့ ကြားတယ်။ ဘယ်ဖက်ကို လာမလဲဆိုတာကိုတော့ မသိရဘူး။ ဒရုန်းတွေနဲ့ လာကြည့်တာတွေရှိတယ်လို့ သိရတယ်။ အဲလိုလာကြည့်တဲ့နောက်မှာတော့ နောက်ဆက်တွဲ ဘာတွေ ဖြစ်လာမလဲဆိုတာကိုတော့ မသိရဘူး။ ဒါကြောင့် အားလုံးက ကြောက်ရွံ့စိုးရိမ်မှုတွေနဲ့ပဲ နေနေရတာဖြစ်တယ်။