“ရုပ်အလောင်းကို ကြည့်တော့လည်း တိုက်မြင့်ကနေ ပြုတ်ကျတဲ့ပုံစံမျိုး အနေအထားလည်းမရှိဘူး’’ ရန်ကုန်မြို့တွင် ကျဆုံးသွားသည့် မလျန်ဇွာလ်အီး အစ်မကို တွေ့ဆုံမေးမြန်းခြင်း

“ရုပ်အလောင်းကို ကြည့်တော့လည်း တိုက်မြင့်ကနေ ပြုတ်ကျတဲ့ပုံစံမျိုး အနေအထားလည်းမရှိဘူး’’ ရန်ကုန်မြို့တွင် ကျဆုံးသွားသည့် မလျန်ဇွာလ်အီး အစ်မကို တွေ့ဆုံမေးမြန်းခြင်း

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ၉၁ လမ်းရှိ We Love Yangon အသင်းရုံးခန်းကို မတ် ၂၁ ရက် မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီ၏လုံခြုံရေးတပ် ရဲနှင့် စစ်သားများက သေနတ်ပစ်ဖောက်ကာ တခါးများဖျက်ဆီး၍ ဝင်ရောက်စီး နင်းစဉ်တွင် ရုံးခန်းအပေါ်ထပ် ငါးလွှာတွင်နေထိုင်သူ အသက် (၃၅)နှစ်အရွယ် ချင်းအမျိူးသမီး မလျန်ဇွာလ်အီးသည် ကြောက်လန့်ကာ အခန်းမှ အနောက်ဘက်သို့ထွက်ပြေးစဉ် ပြုတ်ကျသေ ဆုံးခဲ့ကြောင်း သိရသည်။အဆိုပါအခင်းဖြစ်ပွားသည့်အချိန်တွင် မလျန်ဇွာလ်အီးသည် အမှန်တကယ် တိုက်ပေါ်မှ ပြုတ်ကျ သေဆုံးခြင်းဟုတ်မဟုတ်ဆိုသည်မှာ သံသယဖြစ်ဖွယ်ရှိနေပြီး ယင်းကိစ္စနှင့်ပတ်သက်၍ သေဆုံးသူမ လျန်ဇွာလ်အီး၏ အစ်မတော်စပ်သူကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

 

မေး- အခုဖြစ်သွားတဲ့ဖြစ်စဉ်ကို အစ်မလည်းရန်ကုန်မှာ အတူနေတဲ့သူဆိုတော့ ဖြစ်သွားတဲ့ ဖြစ်စဉ်ပုံစံက ဘယ်လိုမျိုးရှိလဲ၊ ပြီးတော့ရဲတွေနဲ့ စစ်သားတွေက ဝင်စီးတဲ့ပုံစံတွေ အစ်မသိသလောက် ပြောပေးလို့ရမလား။

 

ဖြေ- အဲ့နေ့တုန်းက ပတ်ဝန်းကျင်တွွေပြောပြချက်အရတော့သူတို့ရဲ့အောက်ထပ်က We Love Yangon ရှိတယ်၊ We Love Yangon အထဲမှာ ဝင်ရောက််စီးနင်းတာ၊ ရှာဖွေရေးလုပ်နေ တယ်လို့ကြားတယ်၊ ရှာဖွေရေးလုပ်နေရင် တချို့က အမျိုးမျိုးပြောကြတယ် တချို့က သေနပ် ၄ချက်ဖောက်တယ်၊ တချို့က မဖောက်ဘူးလို့ပြောတယ်၊ တိတိကျကျတော့ အစ်မတို့မသိဘူး၊ မသိတော့ စခန်းမှာ စခန်းမှုးပြောပြချက်အရရယ် သူရဲ့အခန်းအတူနေ သူငယ်ချင်းပြောပြချက်အရ အစ်မတို့သိရတယ်၊ သူတို့ စခန်းမှုးပြောပြချက်အရရယ် သူရဲ့အခန်းဖော်သူငယ်ချင်းတွေ ပြောပြချက်အရတော့ အတူတူဖြစ်နေတယ် အဖြေကလေ၊ သူက အသံးကြားပြီိးတော့ ကြောက်လန့်ပြီးတော့ မီးဖိုချောင်အနောက်ဖေးမှာ ပြတင်းပေါက်လေးရှိတယ်၊ သံစကာလေးနဲ့ ပိတ်ထားတယ် သံစကာကို ဆွဲဖွင့်ပြီးတော့ ပုန်းဖို့လုပ်နေတယ်လို့လည်း ပြောတယ်၊ ပုန်းဖို့လုပ်နေရင်းနဲ့ မတော်တဆ ခြေချှော်ပြီးတော့ ပြုတ်ကျသွားတယ်ဆိုပြီးတော့ ရဲမှတ်တမ်းမှာလည်း အစ်မကိုဖတ် ပြတာပေါ့နော်၊ အတူနေနဲ့ သူငယ်ချင်းကလည်း အဲ့အတိုင်းပြောတယ်။

 

မေး- သူနဲ့ အတူနေတဲ့သူက ဘယ်နှစ်ယောက်ရှိတာလဲ။

 

ဖြေ- အတူနေတဲ့သူက အစ်မမေးတာတော့ လေးယောက်လို့ပြောတယ်။ လေးယောက်မှာ အခင်းဖြစ်တဲ့နေ့ က နှစ် ယောက်က မုန့်စားဖို့ အပြင်ထွက်သွားတယ်။ နောက်တစ်ယောက်နဲ့ အစ်မ ညီမလေး နှစ်ယောက်ပဲ ကျန်ခဲ့တယ်။

 

မေး- ပြုတ်ကျသေဆုံးတဲ့အချိန်မှာလည်း သူ့ရဲ့အလောင်းကိုလည်း စစ်ကားတွေနဲ့ သယ်သွား တယ်လို့သိရတယ်။ ဒီအခြေအနေလေးလည်းပြောပေးပါအုံး။

 

ဖြေ- အလောင်းကိုကျတော့ သူ့သူငယ်ချင်းပြောတာပေါ့။ ကျပြီးတာနဲ့ သူ့ရဲ့အလောင်းကို စစ်သား တွေက သယ်သွားတယ်။ သယ်သွားပြီးတော့ သူ့ အခန်းအတူနေတဲ့ သူငယ်ချင်းနဲ့ကောင်လေး နှစ်ယောက်ကို စခန်းကို ခေါ်သွားတယ်။ဆေးရုံထိ ခေါ်သွားတယ်လို့တော့ ပြောတယ်။ ပထမဆုံး ခေါ်သွား တာကတော့ ကုတင် ၅၀၀ ကိုခေါ်သွားတယ်။ ပြီးတော့ သူတို့ကို မေးမြန်တယ်လို့ပြောတယ်ပေါ့နော်။ ပြီးတော့ သူတို့ကို ပြန်လွှတ်တယ်တဲ့။ အစ်မတို့က စခန်းမှုး ကနေတဆင့် လှမ်းလှမ်း မေးပြီးရင်းနဲ့ ကုတင် ၅၀၀ ကနေ နောက်ဆုံး ကုတင် ၁၀၀၀ မှာထားတယ်ဆိုတာ သိရတယ်။

 

မေး- ရုပ်အလောင်းကိုလည်း ချက်ချင်းထုတ်မရဘူးသိရတယ်။ ဘယ်လိုအခက်အခဲအခက်အခဲရှိလို့လဲ။ သူတို့က ထုတ်မပေးတာလား။

 

ဖြေ- သူတို့က ပြောတာကလေ ချက်ခြင်းထုတ်ခွင့်တော့ မရဘူးတဲ့။ စောင့်ရမယ်တဲ့။ သူတို့စစ်ဆေးစရာ လေးတွေ ရင်ခွဲပြီးတော့ စစ်ဆေးစရာလေးတွေရှိတယ်လို့တော့ ပြောတယ်။ အဲ့တာပြီးမှ သူတို့ လုပ်ရမဲ့ ဝေရာဝစ္စတွေပြီးမှ ပဲ ဖုန်းဆက်ပေးမယ်တဲ့ ဖုန်းဆက်ပေးမဲ့အချိန်ကို စောင့်ပေးပါတဲ့စောင့်ပေးမှပဲ လာယူလို့ရပြီ ဆိုမှ လာယူဆိုလို့ ကျွန်မတို့က သူတို့ဆီက အဖြေကို ထိုင်စောင့်ရင်းနဲ့ ဆုံးသွားတာက တနင်္ဂနွေနေ့ တနင်္လာနေ့ နေ့ခင်းကြတော့ အစ်မဖက်ကနေပြီး သူတို့ကို ဖုန်းဆက်တာ။ ၁ နာရီ နဲ့ ၂ အတွင်းမှာ လာယူပါဆိုလို့ အစ်မကို အကြောင်းကြားလို့ အစ်မတို့သွားယူရတယ်။

 

မေး- အဲ့လိုမျိုး အလောင်းထုတ်တဲ့အချိန်မှာရော ပုံမှန်မဖြစ်တဲ့ဟာမျိုးသူ့ပုံစံ တစ်ခုခု သူ့ပစ္စည်း ပျောက်ဆုံးနေ တာမျိုးတို့ အဲ့လိုမျိုးတွေရှိလား။

 

ဖြေ- ကျွန်မ ရင်ခွဲရုံကို သွားထုတ်တုန်းက ခေါင်းပဲ မြင်လိုက်ရတယ်။ ကျန်တဲ့ တကိုယ်လုံးကိုတော့ အဝတ်ဖြူနဲ့ ပတ်ပေးတဲ့အခါကျတော့ အစ်မဘာမှ ကြည့်ခွင့်မရှိဘူး။ ဓာတ်ပုံရိုက်ခွင့်လည်း မရှိဘူး။ ဓာတ်ပုံလည်း မရိုက်ရဘူးဆိုတော့ အစ်မတို့ကို ပြောတာ ဓာတ်ပုံလည်းမရိုက်လိုက်ရဘူး။ အစ်မမြင်သလောက်တော့ ခေါင်းမှာက တော့ ချုပ်ထားလား၊ မချုပ်ထားလားဆိုတာ အစ်မလည်း မကြည့်ဖြစ်ဘူးပေါ့နော်။ သူတို့က မြန်မြန်လေးသယ်ပြီး တော့ နာရေးအသင်းနဲ့လေ အစ်မတို့က စီစဉ်ထားတာကိုး။ ပြန်သယ်ပြီးတော့ မြန်မြန်လေးယူသွားဖို့ပဲ အစ်မတို့ကို ပြောတော့လေ အစ်မတို့ကလည်း ဘာမှကို မလုပ်လိုက်ရဘူး။ သေချာကို မစစ်ဆေးလိုက်ရဘူးအဲ့လိုမျိုး သူ့ရဲ့ ခေါင်းမှာ အစ်မရဲ့ ညီမလေးလားဆိုတာ သေချာကြည့်နော်ဆိုပြီးအဲ့လိုတော့ပြောတယ်။ အစ်မ သေချာကြည့်တော့ ဟုတ်ပါတယ်ဆိုတော့ အလောင်းနဲ့ တကွ ဓာတ်ပုံရိုက်ယူတယ်။ မှတ်တမ်းယူတာတော့ရှိတယ်။

 

မေး- မတ် ၂၃ ရက်က အာဏာသိမ်းစစ်ကောင်စီက သတင်းစာရှင်းလင်းပွဲလုပ်တယ်၊ သတင်းစာရှင်း လင်းပွဲလုပ်တော့ ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး ဒီဟာက သူတို့နဲ့ မဆိုင်ဘူး၊ သူ့ဟာနဲ့ သူပြုတ်ကျပြီးတော့ သေတာ လို့ပြောတာတွေရှိတယ် အဲ့အပေါ်မှာ အစ်မအနေနဲ့ ဘာပြောချင်လဲ။

 

ဖြေ- အစ်မအနေနဲ့ပြောချင်တာက မနေ့က အသုဘချတော့ အသေအချာကြည့်တဲ့အခါကျတော့ သူတို့ပြောတဲ့အချက်နဲ့ ကွဲလွဲနေတယ်၊ ကွဲလွဲ ချက်တွေတွေ့ရတယ် သူ့ရဲ့ ခေါင်းမှာ ချုပ်ထားတယ်၊ ကပ်ကြေး လည်းကျန်ခဲ့တယ်။ ကပ်ကြေး အသေးလည်း အခုအစ်မတို့ သိမ်းထားတယ်။ ပြီးတော့ မေးစေ့ကနေပြီးတော့ ဝမ်းဗိုက်(ချက်)အထိ ခွဲထားတဲ့ ဒဏ်ရာတွေ ချုပ်ထားတဲ့ဒဏ်ရာတွေရှိတယ်။ ပြီးတော့ ညီမလေးရဲ့ သူငယ်ချင်း တွေက သူနာပြုလေးတွေရှိတယ်။ သူ့လက်တွေ ခြေထောက်တွေကို ကိုင်ကြည့်တယ်။ အရိုးတွေက အကောင်းအ တိုင်းပဲတဲ့ အကယ်၍ပေါ့နော် အမြင့်ငါးလွှာကနေပြီး ပြင်းပြင်းထန်ထန်ကျတယ်ဆိုရင်တော့ အရိုးတွေက ဆေးပညာအရ ကျိုးကြေတာတွေရှိမှာပေါ့နော်။ အဲ့လိုမျိုးဘာမှ ကြေမွတာတွေမရှိဘူး။ လက်ကျိုး၊ ခြေထောက်ကျိုးတာတွေမရှိဘူး။ အကောင်းတိုင်းပဲ သူတို့ရဲ့ စခန်းကပြောပြချက်တွေနဲ့တော့ကွဲလွဲနေတယ် အဲ့လိုမျိုး တွေတွေ့ရတယ်။

 

မေး- အဲ့လိုမျိုး ပြုတ်ကျနေတုန်းမြင်တဲ့သူတစ်ယောက်မှ မရှိဘူးလား။

 

ဖြေ- မြင်ခဲ့တဲ့သူကလည်းတယောက်မှ မရှိဘူး။ သူ့ရဲ့ အခန်းဖော်သူငယ်ချင်းပဲရှိမယ်။ သူပြောတာ တော့ အစ်မလည်းသူ့ကို ထပ်ခါထပ်ခါမေးပါတယ်။ သူ့ကို စစ်သားက တံခါးလာခေါက်တယ်တဲ့ တံခါးလာခေါက် တဲ့အခါကြတော့ အစ်မရဲ့ညီမက ကြောက်လန့်ပြီးမှ နောက်ဖေးကိုပြေး သွားပြီးတော့ သူ့ကို ကြိုးယူခိုင်းတယ်တဲ့ ကြိုးရှာပေးပါငါ့ကိုဆိုပြီးတော့ သူကြိုးရှာနေတုန်းပေါ့နော်။ အစ်မရဲ့ ညီမက ပြုတ်ကျသွားတယ်တဲ့။ ပြုတ်ကျသွားတာမြင်လားဆိုတော့ မမြင်ဘူးတဲ့။ဧည့်ခန်းမကြီးမှာ ကြိုးရှာနေတုန်းပြုတ်ကျသွားတယ်ဆိုတော့ ဒါသူ့ရဲ့ပြောပြချက်ကလည်း အစ်မတို့က ဘယ်လိုမှလည်းယုတ္တိကမရှိဘူး။ အလောင်းကို ကြည့်တော့လည်း အုတ်တိုက်မြင့်ကနေ ပြုတ်ကျတဲ့ပုံစံမျိုးအနေအထားလည်း မရှိဘူးပေါ့နော်။ ခေါင်းကိုလည်း ချုပ်ထားတယ် ဆိုတော့ အမြင့်ကနေကျတယ်ဆိုရင် ခေါင်းလည်း ကြေနေမှာပဲလေ။ ပြီးရင် လက်တွေ၊ခြေတွေလည်း အရိုးတွေ ကြေတဲ့နေအထားလေးတွေရှိမယ်၊အခုဟာက အရိုးပိုင်းတွေ ခန္ဓကိုယ်ပိုင်းတွေ ဘာမှ ထိခိုက်ထား တာတွေမရှိဘူး ပေါ့နော်။ အဲ့လိုမျိုး။

 

မေး- ဒီဖြစ်စဉ်နဲ့ပက်သက်ပြီးတော့ မနေ့က ထုတ်ပြန်ချက်တဲ့ပုံစံအရ စစ်တပ်က သူတို့နဲ့ မဆိုင်ဘူး။ ဒီဟာက သူ့ဟာနဲ့ သူသေတာလို့ပြောတဲ့ပုံစံမျိုးရှိတယ်၊ ဒီအပေါ်မှာ အစ်မအနေနဲ့ ဘယ်လိုပြောချင်လဲ။

 

ဖြေ- ဒါကတော့ သူတို့ပြောချင်သလို ပြောနေကြတာပါပဲ။ သတင်းအမှန်ကိုလည်း သူတို့က ငြင်းနေတာပဲ၊ အမှန်တရားကို ဖုံးကွယ်ထားတာပဲလေ။ အစ်မတို့ မိသားစုတစ်စုတည်းမဟုတ်ပါဘူး အစ်မတို့လိုကြုံတွေရတဲ့ ကျန်တဲ့မိသားစုတွေရဲ့ အဖြစ်အပျက်အမှန်တရားတွေကိုလည်း ဖုံးကွယ်ခံရတဲ့သူအများကြီးရှိတယ်ဆိုတာ တွေ့ရတာပေါ့နော်၊ ဒါကြောင့် ထွေထွေထူးထူးပြောစရာမလိုပါဘူး အကုန်လုံးကသိကြပါတယ်။

 

မေး- မားဇွာလ်အီးမဆုံးခင်တုန်းက ဒီတော်လှန်ရေးအတွက် သူလုပ်ခဲ့တဲ့ အရာတွေသိသလောက်ပြောပေးပါလား။

 

ဖြေ- အာဏာစသိမ်းကတည်းကသုံး ရက်လောက်တော့ ပြည်သူတွေ အကုန်လုံးငြိမ် နေတယ်။လေး ရက်မြောက်မှာ အကုန်လုံး ဆန္ဒထွက်ပြတယ်။ အဲ့ဆန္ဒထွက်ပြတဲ့နေ့ကစပြီး သူတစ်ရက်မှတော့ မပျက်ဘူးပေါ့ နော်။  အစ်မတွေ့ရတယ်၊ လိုင်းပေါ်မှာသူတင်တယ်။ အမြဲတမ်း Live လွင့်တယ်။ သံရုံးရှေ့မှာ သူသွားပြီးတော့ ဆန္ဒသွားပြတယ်၊ သွားထိုင်တယ်၊ သူ့သူငယ်ချင်းတွေနဲ့ အတူတူ သူ့သူငယ်ချင်းအဖွဲ့ရှိတယ်။ သူ့သူငယ်ချင်းအဖွဲ့တွေနဲ့ အတူတူအမြဲတမ်း ဆန္ဒသွားပြတယ်။ ပြီးတော့ ဖြစ်ချင်တော့ သူဆုံးသွားတာက တနင်္ဂ နွေနေ့၊ စနေနေ့ညမှာ သူနေတဲ့ ၉၁ လမ်းမှာ စစ်တပ်က သေနတ်ဖောက်တယ်။ ဟိုဖက်သွားလိုက်ဒီဖက် သွားလိုက်ပေါ့နော်။ သေနတ်ဖောက်တဲ့ဟာတွေကို သူနေတဲ့ ဝရန်တာကနေပြီး Live လွင့်တာကိုတွေ့လိုက် ရတယ်နောက်ဆုံးပေါ့။ အဲ့တွေ့ကတည်းက စိတ်ထဲမှာပေါ့လေ ထိမိတာပေါ့လေနော်သူအဲ့လိုမျိုး အဲ့ပရောကလည်း မကင်း လောက်ဘူးလို့ထင်တယ်။

 

မေး- အခုတော်လှန်ရေးနဲ့ ပက်သက်ပြီးတော့ရော၊ ဒီတော်လှန်ရေးကြောင့် ကျဆုံးသွားတဲ့ သူတွေအတွက်ပဲ ဖြစ်ဖြစ်၊ ဆက်ပြီးတော့ တိုက်ပွဲဝင်နေတဲ့သူတွေအတွက်ပဲဖြစ်ဖြစ် အစ်မအနေနဲ့ ဘာပြောချင်လဲ။

 

ဖြေ- ဒီစစ်အာဏာရှင်စနစ်ကျဆုံးအောင်လို့ အကုန်ုလုံးဆက်ပြီးတော့ လုပ်ရမှာပဲ။ ပြည်သူတွေရဲ့လိုချင်တဲ့အ ရာမရမချင်းကို ဆက်ပြီးတော့မှ တိုက်ပွဲဝင်ကြပါလို့ အစ်မတိုက်တွန်းချင်ပါတယ်။ တတ်နိုင်တဲ့ဖက်ကနေ အကုန်လုံး။

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...