“KIO ဗဟိုအနေနဲ့.. လူထုရှိတဲ့နေရာမှာ တိုက်ပွဲမဖြစ်အောင် မြို့ပေါ်မှာ လည်း တိုက်ပွဲ မဖြစ်အောင် ညွှန်ကြား ထားပြီးသား ဖြစ်ပါတယ်” KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနှင့်အင်တာဗျူး

“KIO ဗဟိုအနေနဲ့.. လူထုရှိတဲ့နေရာမှာ တိုက်ပွဲမဖြစ်အောင် မြို့ပေါ်မှာ လည်း တိုက်ပွဲ မဖြစ်အောင် ညွှန်ကြား ထားပြီးသား ဖြစ်ပါတယ်” KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနှင့်အင်တာဗျူး

စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တွင်သာမက ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားနေ ကြောင်း KIO/KIA ကပြောသည်။ယခုလအတွင်းတွင်လည်း စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့နှင့် KIA တို့အကြား တိုက်ပွဲအကြိမ်ရေ ခြောက်ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး မတ် ၂၄ ရက် ကလည်း KIO/KIA ဌာနချုပ်အနီးရှိ စစ်ကောင်စီ ၏ လက်နက်ကိုင် တပ်များတပ်စွဲထားသည့် အလော့ဒ်ဘွမ်ဆို သည့်နေရာကို KIA ကသွား ရောက်တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။အဆိုပါ နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေ၊ KIA က အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရသည့်ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို ယခုလိုဆက်သွယ်မေးမြန်းဖြစ်ပါသည်။

မေး - မနေ့ကနေစပြီးတော့ တိုက်ပွဲဖြစ်တယ်လို့ကြားလို့လေ အခုကောတိုက်ပွဲအခြေအနေ ဘယ်လိုရှိသလဲ။

ဗိုလ်မှူးကြီး နော်ဘူ - တိုက်ပွဲကနေပေါ့ မနေ့(မတ် ၂၄ရက်)က ညနေ ၅ နာရီခွဲကနေစတာ တိုက်ပွဲကတော့ ဆက်ရှိနေပါ တယ်။ ဒီမနက်လည်း အစောကြီး ပြန်ဖြစ်နေတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာကတော့ သိပ်တော့ မဝေးဘူးပေါ့ အလော့ဒ်ဘွမ်ဆိုတဲ့ နေရာမှာ ဖြစ်တယ်။ လိုင်ဇာနဲ့ မိုင်ဂျာယာန်သွားတဲ့ လမ်းက တစ်ဝက်လောက်ရှိတဲ့ နေရာမှာ ဖြစ်ပါတယ်။

မေး - တိုက်ပွဲဖြစ်တော့ တပ်မတော်ရဲ့ တပ်စခန်းတွေ တောင်ကုန်းတွေကို KIA ဖက်က သိမ်းပိုက်ရရှိထား တာရှိတယ်လို့ လူမှုကွန်ရက်ပေါ်မှာ တက်လာတာတွေ့ရတယ်။ အဲဒီအခြေအနေက ဘယ်လိုရှိသလဲ။

ဗိုလ်မှူးကြီး နော်ဘူ - အဲဒါသတင်းကတော့ အချင်းချင်းအားပေးတဲ့ သတင်းဖြစ်မှာပါ။ Confirm ကတော့ မဟုတ်သေးဘူး။ စစ်ရေးဆိုင်ရာ ဒေတာတွေပေါ့နော်၊ သတင်းတွေ ကျွန်တော်တို့ဆီမှာ ဘာမှမတက်ဘူး။ မဟုတ်ဘူးလို့ ပြောချင်တာတော့ မဟုတ်ဘူး။ တပ်ပိုင်းဆိုင်ရာ သတင်းတွေကတော့ ကျွန်တော်တို့ဆီမှာ ဘာမှ မရသေးဘူး။ တိုက်ပွဲလည်း အခုလည်း ဆက်ဖြစ်နေတဲ့ အနေအထားပဲဖြစ်ပါတယ်။ ပြီးစီးသွားတဲ့ ရပ်သွားတဲ့ အနေအထားတော့ မဟုတ်ဘူး။ အဲဒါကြောင့် ခုနပြောတဲ့ ရန်သူရဲ့ တပ်တွေ တောင်ကုန်းတွေ သိမ်းပိုက်ထားတယ် ဆိုတဲ့ သတင်းကို တော့ ကျနော်အခုကတော့ Confirm လုပ်ပေးဖို့ နည်းနည်းစောပါတယ်။

မေး - မနေ့က တိုက်ပွဲဖြစ်တာ အဲဒီ အလော့ဒ်ဘွမ်မှာပဲ ဖြစ်တာလား။ တစ်ခြားမှာရာဖြစ်သေးလား။ နှစ်နေရာ သုံးနေရာ ဖြစ်တယ်လို့ ကြားလို့လေ။

ဗိုလ်မှူးကြီး နော်ဘူ - တစ်ခြားနေရာ ဆိုတာကတော့ ဝေးတဲ့ နေရာက မဟုတ်ဘူး။ အလော့ဒ်ဘွမ်စခန်းရဲ့ အနီးအနားက ကာကင်း တွေပေါ့ အထောက်အကူပြုတဲ့ တပ်တွေအဲဒီဖက်မှာ ဖြစ်တာပါ။ တစ်ခြားနေရာက ဖြစ်တာတော့ မဟုတ်ဘူးပေါ့။ အဲက တစ်ဝိုက်ပေါ့ စစ်တိုက်ကသိတဲ့အတိုင်း ပတ်ဝန်းကျင်မှာတော့ ကာကင်းတွေ တပ်စခန်းတွေ အများကြီးချထားတာရှိပါတယ်။ အဲဒီကိုအားလုံး တစ်ခါတည်း တိုက်ပွဲတွေ ဖြစ်တဲ့ အနေအ ထားဖြစ်ပါတယ်။ တစ်ခြားနေရာမှာတော့ မဟုတ်ဘူး အဲဒီတစ်ဝိုက်လောက်ဖြစ်ပါတယ်။

မေး - အခုဖြစ်တဲ့တိုက်ပွဲက KIA ဖက်က သွားတိုက်တာလား။ မဟုတ်ရင် တပ်မတော်ဖက်က လာတိုက်တာလား ။ ဘယ်လိုအခြေအနေလဲ။

ဗိုလ်မှူးကြီး နော်ဘူ - အကြောင်းအရင်းက ဒီလိုရှိမှာပါ။ ဒီ မတ် ၂၁ ရက်ကနေ နှစ်ရက် သုံးရက်လောက်ပေါ့။ တပ်မတော်က ကျွန်တော်တို့ တပ်စခန်းဆီမှာ လက်နက်ကြီးနဲ့ ပစ်တယ်။ သူတို့ ရန်စပြီးမှ ကျွန်တော်တို့ကို အရင်ပစ်တာတွေ ရှိတယ်။ ကျွန်တော်တို့ရဲ့ ဖာလမ်ဘွမ် ဆမား အဲဒီကြားက ကျွန်တော်တို့ရဲ့ တပ်စခန်း ပို့စ်ဖက်မှာလည်း ၂၂ ရက်နေ့ည တစ်ညလုံး ဆမားဖက်ကနေ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခဲ့တာရှိတယ်။ နောက်တစ်ခုကတော့ ၂၃ ရက်နေ့မှာလည်းပဲ ကျွန်တော်တို့ တပ်ရင်း ၃ ဌာနချုပ်ဖြစ်နေတဲ့ ဒီဆဒုံးဖက်မှာလေ သူတို့ လက်နက်ကြီးနဲ့ ပစ်တာ ကျွန်တော်တို့ရဲ့ တပ်စခန်းတွေကို ပစ်တာရှိတယ်။ နောက်ပြည်သူလူထုရှိတဲ့ စစ်ရှောင်စခန်းမှာလည်း သူတို့က လက်နက်ကြီးနဲ့ ပစ်တာ အဲဒါလက်နက်ကြီး ကျည်ဆန်ကတော့ တရုတ်ပြည်ဖက်ကမ်းမှာတောင် နှစ်လုံးကျတာရှိတယ်။ နှစ်လုံးပေါက်ကွဲသွားတာရှိတယ်။ ဆိုတော့ သူတို့ဖက်က နေ ကျွန်တော်တို့ကို အရင်ရန်စပြီးမှ ပစ်တာ ဒါကြောင့် ကျွန်တော်တို့လည်း ဒီဖက်ပြန်ပစ်တဲ့ အနေအထားဖြစ် ပါတယ်။

မေး - မနေ့က တိုက်ပွဲက တစ်ညလုံးဖြစ်တာလား။

ဗိုလ်မှူးကြီး နော်ဘူ - တစ်ညလုံးတော့ မဟုတ်လောက်ပါဘူး။ နားပြီးတော့ ပြန်ပစ်ပေါ့။ အခြေအနေကြည့်ပြီး တော့ ပြန်ပစ်သဘော ကတော့ အချင်းချင်းကတော့ တင်းမာနေတဲ့ အနေအထားပေါ့။ တပ်မတော်ဖက်က ပစ်လိုက် KIA ဖက်ကနေ ပစ်လိုက် အဲလိုမျိုးပုံစံနဲ့ မနေ့ကပေါ့နော အဲလိုဖြစ်သွားတဲ့ အနေအထားဖြစ်ပါတယ်။ ဆက်တိုက် ပြင်းပြင်း ထန်ထန် ဖြစ်တာကတော့ မဟုတ်ဘူးပေါ့။

မေး - မနေ့ညကလည်း လေယာဉ်တွေနဲ့လည်း လာပစ်တယ်လို့ ကြားတယ်။ အဲဒါကရော ဟုတ်လား။

ဗိုလ်မှူးကြီး နော်ဘူ - အဲဒါကတော့ ကျွန်တော်မကြားမိဘူးခင်ဗျား။

မေး - မနေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရတာတို့ အသေအပျောက်တို့ ရှိလာ။ ဘယ်လိုသိရသလဲ။

ဗိုလ်မှူးကြီး နော်ဘူ - ဘာမှမကြားဘူးခင်ဗျား။

မေး - လက်ရှိအနေအထားမှာ တပ်မတော်ဖက်က စစ်ရေးဆက်လက်လှုပ်ရှားနေတာတွေ ရှိသလား။ ဘယ်လိုအနေအထားရှိသလဲ။

ဗိုလ်မှူးကြီး နော်ဘူး - ဆက်လက်လှုပ်ရှားနေမှာပါ။ ဘာဖြစ်လို့လဲဆိုရင် မနေ့က သူတို့ တပ်စခန်းတွေကို ဝင်တိုက်တယ်ဆိုတော့ သူတို့ လည်း ရှိမှာပါ။ အခုလောလောဆယ်ကတော့ နှစ်ဖက်ကတော့ စစ်ရေးကတော့ တင်းမာတဲ့ အနေအထား ပေါ့နော။ သတိအနေအထားနဲ့ အားလုံးကတော့ နေကြတဲ့ အနေအထားဖြစ်ပါတယ်။

မေး - ဒီလအတောအတွင်းမှာ KIA နဲ့ တပ်မတော်တို့အကြား တိုက်ပွဲ ဘယ်နှစ်ကြိမ်လောက်ဖြစ်သလဲ။ ဘယ်ဒေသတွေမှာ ဖြစ်တာလဲ။

ဗိုလ်မှူးကြီး နော်ဘူ - ဒီလအတောအတွင်းမှာ အင်ဂျန်းယာန်ဖက်မှာ ဖြစ်တာရှိပါတယ်။ ခုနပြောတဲ့ တပ်မတော်ဖက်က ပစ်တာ တပ်ရင်း ၃ နယ်မြေဖက်မှာ ဖြစ်တာရှိပါတယ်။ အခု အလော့ဒ်ဘွမ်ဖက်မှာလည်း ဖြစ်တာရှိပါတယ်။ နောက်တစ်ခုကတော့ မိုးကောင်းနဲ့ကားမိုင်းကြားမှာ သုံးလေး နေရာလောက်မှာတော့ ဖြစ်တယ်လို့ထင်ပါတယ်။ အတိအကျတော့ ကျွန်တော်လည်း မမှတ်မိတော့ ပါဘူး။ ရှမ်းမြောက်ဖက်မှာလည်း ဒီလ အတောအတွင်းမှာလည်း တိုက်ပွဲတွေ ဖြစ်တာရှိပါတယ်။ ငါးကြိမ်ခြောက်ကြိမ်လောက်ဖြစ်မယ်ထင်တယ်။ ကျွန်တော်လည်း အတိအကျသိပ်မမှတ်မိတော့ဘူး။

မေး - အခုက တိုက်ပွဲတွေက KIO/KIA ဌာနချုပ်ဖက်မှာ ပြန်ဖြစ်လာတာဆိုတော့ ဒီလိုအနေအထားမှာ မြို့ပြ တိုက်ပွဲတွေ ဖြစ်လာနိုင်လား။ လက်ရှိအနေအထားအရဆိုရင် ဘယ်လိုများသုံးသပ်လို့ရသလဲ။

ဗိုလ်မှူးကြီး နော်ဘူ - တိုက်ပွဲဆိုတာကတော့ စစ်တပ်ကတော့ ခန့်မှန်းလို့တော့ ခက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ KIO ဗဟိုအနေနဲ့ ဒီမြို့ပေါ်မှာ တိုက်ပွဲမဖြစ်အောင်ကတော့ ကျွန်တော်တို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ အောက်ခြေတပ်တွေကို ညွှန်ကြားထားပြီးသား ဖြစ်ပါတယ်။ လူထုရှိတဲ့နေရာမှာ တိုက်ပွဲမဖြစ်အောင် မြို့ပေါ်မှာ လည်း တိုက်ပွဲ မဖြစ်အောင် ညွှန်ကြားထားပြီးသား ဖြစ်ပါတယ်။ အခုတပ်မတော်ဖက်ကနေ ဘယ်လိုရန်စလာမလဲ ဆိုတာကတော့ ကျွန်တော်တို့လည်း ဘာမှ ကြိုတင်ပြီးမှ ပြောလို့တော့ မရဘူးပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့ဖက် ကနေတော့ ဒီပြည်သူလူထုကို ဒုက္ခပေးတဲ့ ပြည်သူလူထုရှိတဲ့ဖက်မှာပဲ တိုက်ပွဲမ ဖြစ်အောင်တော့ ကျွန်တော်တို့လည်း အားလုံးက အတတ်နိုင်ဆုံး ကျွန်တော်တို့လည်း ရှောင်ဖို့ ညွှန်ကြားထား ပြီးသား ဖြစ်ပါတယ်ခင်ဗျား။

မေး - ဒီလိုအနေအထားမှာ လိုင်ဇာဌာနချုပ်ဖက်ကရော ဘယ်လိုပြင်ဆင်ထားသလဲ။ ဒေသခံပြည်သူ တွေအတွက်ကို ဘယ်လိုကြိုတင်ပြင်ဆင်ပြီးတော့ လုပ်ဆောင်ထားတာရှိသလဲ။

ဗိုလ်မှူးကြီး နော်ဘူ - အထူးပြင်ဆင်ထားတာတော့ မရှိပါဘူး။ ဒါပေမယ့် ပြည်သူလူထုက အားလုံးတိုင်းလိုပေါ့ ပတ်ဝန်းကျင်မှာ တိုက်ပွဲ ဖြစ်လို့ရှိရင် သူတို့ဟာ သူတို့ ဘယ်လိုလုပ်မလဲဆိုတာ ကြိုတင်ပြီးမှ ပြင်ဆင်ထားကြ တာတော့ ရှိပါတယ်။ ဒါအမြဲတမ်းပေါ့ ဒီတစ်ခေါက် မဟုတ်ပါဘူး။ လွန်ခဲ့တဲ့အချိန်မှာလည်း ကျွန်တော်တို့ လိုင်ဇာ မှာက လက်နက်ကြီး ကျည်ဆန်တွေလည်း ကျတာပေါ့ ဆိုတော့ ပြည်သူလူထုလည်း ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ သူတို့ရဲ့ မိသားစု ကိုယ့်အိမ်ကို ကာကွယ်ဖို့ဆိုတာကတော့ သူတို့ဖာသာ သူတို့ပေါ့ ကျွန်တော် တို့ကလည်း သတင်း ကိုတော့ နားထောင်ဖို့ပေါ့။ အမြဲတမ်းနားစွင့်ဖို့တော့ ပြောထားတာတော့ရှိပါတယ်။

Most read this week

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...