အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသည့်သတင်းသမား ၄၀ ကျော်ရှိပြီဖြစ်ပြီး ငါးဦးမှာ အမျိုးသမီးသတင်းထောက်များဖြစ်

အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသည့်သတင်းသမား ၄၀ ကျော်ရှိပြီဖြစ်ပြီး ငါးဦးမှာ အမျိုးသမီးသတင်းထောက်များဖြစ်

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှုခံရသည့် သတင်းသမား ယနေ့အချိန်ထိ ၄၁ ဦးရှိပြီဖြစ်ကြောင်း ပြည်တွင်းအခြေဆိုက် သတင်းထောက်များ၏ ပြုစုထားသည့် စာရင်းများအရ သိရသည်။

မတ် ၁၉ ရက် တစ်ရက်တည်းတွင် သတင်းသမားသုံးဦးထိ အဖမ်းခံရပြီး BBC မြန်မာပိုင်းဌာန၏ နေပြည်တော်သတင်းထောက် ကိုအောင်သူရ နှင့် ထုတ်ဝေခွင့်ရပ်ဆိုင်းခံထားသည့် Mizzima သတင်းဌာနက သတင်းထောက် ကိုသန်းထိုက်အောင်တို့အပြင် ဗန်းမော်မြို့မှ အလွတ်တန်းသတင်းထောက်တစ်ဦးတို့ ဖမ်းဆီးခံရခြင်းဖြစ်သည်။

BBC မြန်မာပိုင်းဌာန၏ နေပြည်တော် သတင်းထောက် ကိုအောင်သူရ နှင့် ထုတ်ဝေခွင့်ရပ်ဆိုင်းခံထားသည့် Mizzima သတင်းဌာနက သတင်းထောက် ကိုသန်းထိုက်အောင်တို့ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ မျက်မြင်သက်သေတစ်ဦးက “တရားရုံးရှေ့ကနေ ဖမ်းသွားတာပါ။ အရပ်ဝတ်နဲ့လူတွေက ခေါ်သွားတာတော့ တွေ့လိုက်တယ်” ဟု ပြောသည်။

ယခုခါ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀ ရက်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းထောက် ၄၁ ဦး ရှိပြီဖြစ်သည်။

ကချင်ပြည်နယ် ဗန်းမော်မြို့က အလွတ်တန်းသတင်းထောက်တစ်ဦးကို မတ် ၁၉ ရက်က သတင်းဓါတ်ပုံရိုက်နေစဉ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ဗန်းမော်ဒေသခံတစ်ဦးက “သူဓါတ်ပုံရိုက်နေတဲ့နေရာမှာ ရဲတွေက ခေါ်သွားတာပဲသိသေးတယ်။ မနေ့က ဖမ်းသွားတယ်။ အခုချိန်ထိတော့ မိသားစုဝင်တွေနဲ့ ဘာမှ အဆက်အသွယ်မရသေးဘူးတဲ့။ ဘယ်မှာ ဖမ်းထားလဲ ဘာ လဲဆိုတာလည်း မသိရသေးဘူး။ ဖမ်းသွားတယ် ဆိုတာပဲ သိရသေးတယ်” ဟု ပြောသည်။

ဗန်းမော်မြို့က ဖမ်းဆီးခံထားရသူ အလွတ်သတင်းထောက် ဘဘဂျိုးဖြူ ကိုလည်း ယနေ့အချိန်ထိ မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသေးဘူး ဆိုသည်။

ထို့အတူ ပြီးခဲ့သည့် ရက်ပိုင်းက ဖမ်းဆီးခံရသည့် နေပြည်တော်က ကိုအောင်သူရနှင့် ကိုသန်းထိုက်အောင်တို့ကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်း သိမ်းထားသည်ကို မသိရသေးဘူးဟုလည်း BBC မြန်မာပိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။

အလားတူ မြိတ်မြို့တွင် မတ် ၁ ရက်က DVB သတင်းထောက် ကိုအောင်ကျော် ဖမ်းဆီးခံရသည်မှာ ရက်ပေါင်း ၂၀ ကြာရှိပြီဖြစ်သော်လည်း ယနေ့အချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးသည့်အတွက် ၎င်း၏ အခြေအနေများသိရှိနိုင်ရေးအတွက် တွေ့ခွင့်ပေးဖို့ တောင်းဆိုလျက်ရှိသည်။

မြန်မာနိုင်ငံသားများ၏ အခွင့်အရေးဖြစ်သည့် ငြိမ်းချမ်းစွာဆန္ဒပြခွင့်နှင့် သတင်းအချက်အလက် လွတ်လပ်စွာ ရယူနိုင်ခွင့်တို့ကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများက ထောက်ခံအားပေးကြောင်း၊ အင်တာနက်ဖြတ်တောက်ထားခြင်းနှင့် မီဒီယာကို နှိပ်ကွပ်ထားခြင်းဖြင့် စစ်တပ်၏ စက်ဆုပ်ဖွယ်ရာလုပ်ရပ်တို့ကို ဖုံးကွယ်ထားနိုင်မည်မဟုတ်ကြောင်း မတ် ၁၉ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။

အဆိုပါကြေညာချက်ကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများဖြစ်ကြသည့် ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများက ပူးပေါင်းလက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားသည့် သတင်းထောက်များထဲတွင် အမျိုးသမီးသတင်းထောက် ငါးဦးနှင့် ကျန် ၃၆ ဦးမှာ အမျိုးသား သတင်းထောက်များ ဖြစ်ကြသည်။

၎င်းတို့အထဲတွင် ပြည်လည်လွတ်မြောက်လာသူ ၂၂ ဦး၊ တရားစွဲခံထားရသူ ၁၁ ဦးရှိပြီဖြစ်ပြီး လက်ရှိ ထိန်းသိမ်းခံထားရသူမှာ ၁၉ ဦးရှိသည်ဟု သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လိုင်စင်ပိတ်သိမ်းခံရသည့် သတင်းမီဒီယာဌာန ငါးခု၊ တရားစွဲခံထားရသည့် သတင်းဌာန တစ်ခုရှိပြီဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...