မော်လမြိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်အား ပစ်ခတ်ရန်ချိန်ရွယ်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံးများ တွေ့

မော်လမြိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်အား ပစ်ခတ်ရန်ချိန်ရွယ်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံးများ တွေ့
by -
စိုင်းထွန်းစံ (MNA)

မော်လမြိုင်မြို့ရှိ ရွှေနတ်တောင်ပေါ်မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အား ပစ်ခတ်ရန်ချိန်ရွယ်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံးနှစ်လုံး ယမန်နေ့ (မတ် ၁၈ ရက်) နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ချက်အရ သိရသည်။

အချိန်ကိုက်စနစ်ဖြစ် ပစ်ခတ်ရန် စီမံထားသော အဆိုပါ ၁၀၇ မမ ရှော့တိုက်ဒုံးများအား ယမန်နေ့နံနက် ၈ နာရီခွဲခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အများပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်နိုင်သည်ကို သက်ဆိုင်ရာမှ ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘောနတ်ကြီးကျေးရွာရှိ နယ်မြေခံတပ်ရင်းသို့ ယမန်နေ့နံနက်စောပိုင်းတွင် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးဘေးရှိ ဝါးကတုတ် ဆည်ပေါ်နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်မှ ပစ်ခတ်မှုကြောင့် နယ်မြေခံ တပ်ရင်းနှင့်အနီးပတ်ဝန်းကျင်တစ်ဝိုက်သို့ ၁၀၇ မမ ရှော့တိုက်ဒုံးသီး လေးလုံး ကျရောက် ပေါက်ကွဲခဲ့သော်လည်း လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

အဆိုပါ တရုတ်နိုင်ငံထုတ် ၁၀၇ မမ ဗုံးသီးများသည် ငါးမိုင်ခန့်အကွာအဝေးသို့ ချိန်ကိုက်ပစ်ခတ်နိုင်စွမ်းရှိပြီး ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မွန်ပြည်သစ်ပါတီ NMSP တပ်ဖွဲ့တို့တွင် လွန်ခဲ့သည့် အနှစ် ၃၀ ဝန်းကျင်ကာလကတည်းက အသုံးပြုခဲ့ဖူးသည့်မှတ်တမ်းများရှိခဲ့ကြောင်း အမည်မဖော်လိုသော လက်နက်ကျွမ်းကျင်သူ မွန်ပြည်သစ်ပါတီအရာရှိဟောင်းတစ်ဦးက ဆိုသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...