မြန်မာစစ်ဘေးရှောင်အရေး အိန္ဒိယအစိုးရ ထင်သလောက်မကြိုဆိုဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပြော

မြန်မာစစ်ဘေးရှောင်အရေး အိန္ဒိယအစိုးရ ထင်သလောက်မကြိုဆိုဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပြော

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းယူလိုက်သည့်နောက်ပိုင်း အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံလာသော မြန်မာစစ်ဘေးရှောင်အရေးနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရက ထင်သလောက်မကြိုဆိုကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ပြောသည်။ 

 

အဆိုပါကိစ္စကို မီဇိုရမ်ပြည်နယ်တွင် ကျင်းပသည့် Assembly Budget Session နောက်ဆုံးရက်နေ့တွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ယခုလို ပြောဆိုခဲ့ကြောင်း ဒေသထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။  

 

လက်ရှိမြန်မာနိုင်ငံရေးအခြေအနေသည် တဖြေးဖြေးဆိုးရွားလာသောကြောင့် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာကြသော မြန်မာစစ်ဘေးရှောင်များ၏ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခြင်း ဆောင်ရွက်သင့်ကြောင်းနှင့် Union Home Minister ထံတွင်လည်း မီဇိုရမ်ပြည်နယ်ကို မြန်မာစစ်ဘေးရှောင်များ ထွက်ပြေးခိုလှုံသည့် အခြေအနေအရပ်ရပ်တို့ကို တင်ပြဆွေးနွေးထားပြီးဖြစ်သော်လည်း အိန္ဒိယအစိုးရက နယ်စပ်ကိုမဖြတ်ကျော်အောင် ဟန့်တားပြီး ပြန်လည်ပို့ဆောင်ရန် အိန္ဒိယ-မြန်မာနယ်စပ် ပြည်နယ်လေးခုထံ Ministry of Home Affairs က အမိန့်ပေးလာခဲ့သည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ကပြောသည်။

 

Ministry of Home Affairs က ယခုလို အမိန့်ပေးဆောင်ရွက်လာသော်လည်း ယခုလက်ရှိအခြေအနေအထိ ပြည်နယ်လေးခုကလည်း မြန်မာစစ်ဘေးရှောင်များကို ပြန်လည်ပို့ဆောင်ခြင်းမရှိသေးသလို မီဇိုရမ်အစိုးရကလည်း ဆောင်ရွက်ခြင်းမရှိသေးကြောင်း ပူးဇိုးရမ်းထန်းငါက လွတ်တော်အစည်းအဝေးတွင် ပြောသည်။ 

 

“နိုင်ငံရေးကြောင့် ထွက်ပြေးခိုလှုံလာတဲ့ မြန်မာစစ်ဘေးရှောင်တွေအပေါ် ထင်သလောက် အိန္ဒိယအစိုးရက မကြိုဆိုဘူး။ ဒါကြောင့် အိန္ဒိယအစိုးရအနေနဲ့ ဒီထက်ကြိုဆိုလာအောင် တာဝန်ရှိအစိုးရအကြီးအကဲ တို့ထံ တင်ပြသွားမယ်” ဟု မီဇိုရမ်ဝန်ကြီးချုပ်ကပြောသည်။ 

 

အိန္ဒိယနိုင်ငံ ဗဟိုအစိုးရ၏လုပ်ရပ်အပေါ် ကန့်ကွက်ရှုံ့ချသည့်အနေဖြင့် မတ်လ ၂၃ ရက်နေ့တွင် မီဇိုရမ်ပြည်နယ်ရှိ Zo Re-Unification Organisation (ZoRo) အဖွဲ့ ဦးဆောင်ပြီး ကန့်ကွက်ဆန္ဒပြမှု (sit-in-protest) ပြုလုပ်သွားမည်ဟုလည်း သိရသည်။ 

 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ယနေ့ချိန်ထိတစ်နိုင်ငံလုံးတွင် ဆန့်ကျင်ဆန္ဒဖော်ထုတ်မှု ဖြစ်ပွားလျက်ရှိပြီး ရဲတပ်ဖွဲ့အပါအဝင် အစိုးရဝန်ထမ်းများကလည်း စစ်အာဏာရှင်စနစ်အောက်တွင် အလုပ်မလုပ်လို့တော့သည့်အတွက် Civil Disobedience Movement-CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်လာကာ လုံခြုံရေးအခြေအနေကြောင့် အိမ်နီးချင်း မီဇိုရမ်ပြည်နယ်တွင် အယောက် ၄၀၀ ကျော် ထွက်ပြေးခိုလှုံနေကြရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...