ဖက်ဒရယ်ရေးရာနှင့်ပေါ်လစီ စင်တာ Program Director နိုင်ဗညားမွန်နှင့် အင်တာဗျူး
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးကို အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းကနေ မတ် ၁၇ ရက် (ယမန်နေ့) က ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြနလိုက်သည်။
ထိုထုတ်ပြန်ချက်ကြောင့် CRPH အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်သူများ၏ အာဏာရှင်ဆန့်ကျင်ရေးတွင် ပိုမိုပူးပေါင်းလုပ်ဆောင်လာနိုင်ဖြစ်မည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က ဆိုသည်။
CRPH ၏ ထုတ်ပြန်ချက်ကြောင့် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု အားကောင်းလာနိုင်မှုများ၊ တိုင်းရင်းသားများ မျှော်မှန်းထားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနှင့် ဖက်ဒရယ် တပ်မတော် ဖြစ်ပေါ်လာနိုင်သည့်အလားအလာများ၊ ထိုသို့ ဖြစ်လာနိုင်ရန် CRPH အနေဖြင့် မည်သို့လုပ်ဆောင်ရန်လိုသလဲ စသဖြင့် သုံးသပ်နိုင်စေရန် ဖက်ဒရယ်ရေးရာနှင့်ပေါ်လစီ စင်တာ Program Director နိုင်ဗညားမွန်အား ယခုလိုဆက်သွယ်မေးမြန်းခဲ့ပါသည်။
မေး - ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကနေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းအဖြစ် ပယ်ဖျက်လိုက်တဲ့အပေါ်မှာ ဘယ်လိုမြင်သလဲ။
နိုင်ဗညားမွန် - နံပါတ်တစ်အချက်ပေါ့နော်။ CRPH ကနေ ဒီ အဖွဲ့အစည်းအားလုံးကို အကြမ်းဖက်အဖွဲ့ကနေ ဖြစ်စေ၊ မတရားအသင်းအဖြစ်ကနေ ဖြစ်စေ ပယ်ဖျက်လိုက်တဲ့ လုပ်ဆောင်မှုက ကျွန်တော်အမြင်အ ရဆိုရင် ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ထိရောက်တဲ့ ဆက်ဆံရေး၊ ထိတွေ့ ဆက်ဆံမှုမှာ ပိုပြီးတော့ ဥပဒေအကြောင်းအရ တရားဝင်တယ် အဲလိုပဲ သုံးသပ်မိပါတယ်။
မေး - ဒီလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို အကြမ်းဖက် အဖွဲ့အစည်းနှင့် မတရားအသင်းကနေ ပယ်ဖျက်လိုက်တဲ့အတွက် CRPH နှင့် ပြည်သူတွေ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းလုပ်ဆောင်မှုက ပိုပြီးတော့ အားကောင်းလာနိုင်လား။
နိုင်ဗညားမွန် - ဒါကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို မတရားအသင်းပဲဖြစ်ဖြစ် အကြမ်းဖက်အဖွဲ့ဖြစ်ဖြစ် ပယ်ဖျက်တဲ့ ကြေညာတဲ့အပေါ်မှာကျတော့ ပြည်သူနဲ့သော်လည်းကောင်း၊ CRPH နဲ့သော်လည်းကောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနဲ့ ဆက်ဆံတဲ့အခါမှာ ဟိုအရင်က ချ မှတ်ထားတဲ့ ပုဒ်မ ၁၇/၁ အရ ဖမ်းဆီးအရေးယူမှုကို တရားဝင်ဆက်ဆံမှု ရသွားတဲ့ အနေအထားမျိုးကို ဖြစ်သွား တယ်ပေါ့။ ဒါက ပူးပေါင်းဆောင်ရွက်မှုက ကြားထဲမှာ ဖြစ်ရှိနေတဲ့ အဟန့်အတားတွေကို ပယ်ဖျက်သွားတဲ့ သဘောဖြစ်တဲ့အခါ CRPH အနေနဲ့သော်လည်းကောင်း ၊ ပြည်သူအနေနဲ့ရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်ဆံတဲ့အခါမှာ ပိုပြီးတော့ လွယ်ကူလာလိမ့်မယ်။ ပိုပြီးတော့ နီးစပ်လာလိမ့်မယ် အဲဒီပုံစံမျိုး သုံးသပ်ရပါတယ်။
မေး - CRPH ကနေ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို အကြမ်းဖက်အဖွဲ့တို့ မတရားအသင်းတို့ကနေ ပယ်ဖျက်လိုက်ခြင်းက တိုင်းရင်းသားတွေ မျှော်မှန်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုတို့ ဖက်ဒရယ်တပ်မတော်တို့ဆိုတဲ့ အနေအထားမျိုးအထိ ရောက်လာနိုင်သလား။
နိုင်ဗညားမွန် - ယေဘုယျအနေနဲ့ ကျွန်တော်မြင်တာက ဒါ..အကောင်းဖက်ကို ဦးတည်နိုင်တဲ့ ဦးတည်သွားတဲ့ ခြေလှမ်းတစ်ရပ်လို့ ပြောလို့ရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နောက်ထပ်ကျွန်တော်တို့ သွားတဲ့ ဖက်ဒရယ် ပြည်ထောင်စု အတွက်သော်လည်းကောင်း၊ ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးအတွက် အခုထုတ်လိုက်တဲ့ ထုတ်ပြန်ချက်က ဆွေးနွေးမှုကို ပိုပြီးတော့ လွယ်ကူ လိမ့်မယ်။ နောက်ပြီးတော့ ပိုပြီးတော့ ကျွန်တော့်အမြင်က ပိုပြီးတော့ အထောက်အကူဖြစ်မယ်လို့ ကျွန်တော် ယူဆပါတယ်။ ဆိုတော့ လာမယ့် ဒီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ထပ်တူပဲ နောက်ထပ် သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးမှု ရလဒ်အပေါ်မှာ ကျွန်တော်တို့ မူတည်လိမ့်မယ်လို့ မြင်ပါတယ်။
မေး - စစ်အာဏာရှင် အမြစ်ပြတ်အောင် လုပ်ဆောင်ဖို့အတွက် CRPH အနေနဲ့က တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့အခါမှာ ဘယ်အပိုင်းတွေကို အဓိကထားလုပ်ဆောင်ဖို့ လိုအပ်သလဲ။
နိုင်ဗညားမွန် - ကျွန်တော်မြင်တာကတော့ နှစ်ပိုင်းဖြစ်တယ်ပေါ့နော။ နှစ်ပိုင်းဖြစ်တဲ့အပေါ်မှာကျတော့ အခု CRPH ရဲ့ ဒီ သွားချင်တဲ့ ဒီမိုကရေစီ၊ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းခံအမတ် အားလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီ ရရှိရေးနဲ့ ၂၀၀၈ ဖျက်သိမ်းရေးပေါ့။ နောက်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု အခြေခံ ဥပဒေပေါ်ပေါက်ရေး ရည်မှန်းချက်က တိုင်းရင်းသား လက်နက်ကိုင် အပါအဝင်ပေါ့ တိုင်းရင်းသား လူမျိုး အားလုံး တောင်းဆိုနေတဲ့ ဒီ အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု ဥပဒေ ပေါ်ပေါက်ရေးတွေဟာ တိုင်းရင်းသား လူမျိုးများ တောင်းဆိုနေတဲ့ ဒီတောင်းဆိုချက်နဲ့ ကိုက်ညီတယ်။ ဒါက နံပါတ်တစ်အချက်ပေါ့လေ။ ဆိုတော့ ဒီအပေါ်မှာ အခြေပြုပြီးမှ ကျွန်တော်တို့က ဘုံလုပ်ငန်း စဉ်တွေ ဘယ်လိုချမှတ်မလဲ အဲဒါအပါ်မှာ မူတည်ပါလိမ့်မယ်။ CRPH ကတော့ သူလုပ်ဆောင်ရမယ့် လုပ်ငန်း တွေ သူလုပ်ဆောင်ပေးဖို့ လိုသလို တိုင်းရင်းသား ဖက်ကလည်း ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်း တွေ ပါဝင်နိုင်မှသာလျှင် အခုန ကျွန်တော်တို့ ပြောတဲ့ ဘုံရည်မှန်းချက်ကို အကောင်အ ထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။တစ်ဖက်တော့ ကျွန်တော်တို့ တစ်ဖက်တည်းဖော်ဆောင်မယ် ဆိုတဲ့ဟာက ကျွန်တော်ထင်တယ် အားလုံး နှစ်ဖက်စလုံးပူးပေါင်းဆောင်ရွက်မှုက ပိုပြီး ထိရောက်မယ်လို့ အဲလိုပဲ ကျွန်တော်သုံးသပ်ချင်ပါတယ်။
မေး - နောက်ဆုံးအနေနဲ့ ဖြည့်စွတ်ပြောစရာများရှိရင်ပြောနိုင်ပါတယ်။
နိုင်ဗညားမွန် - ဝမ်းတော့ ဝမ်းသာပါတယ်။ ကြိုဆိုတယ်ပေါ့။ နောက်ဆက်လက်လုပ် ဆောင်ရမယ့် လုပ်ငန်းတွေက CRPH အနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ဥပဒေကြောင်းအရ ပြည်သူ တွေ ရထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အပေါ်မှာ အခုလက်ရှိဖြစ်ပေါ်နေတဲ့ ဒီ နိုင်ငံရေး အနေနဲ့သော်လည်းကောင်း၊ နောက်ပြီးတော့ တိုင်းရင်းသားနဲ့ ပူးပေါင်းဆောင်ရွက်ရေးမှာ ကျတော့ ဒီထက်ပိုမိုပြီးတော့ ပိုမိုတဲ့ ဆွေးနွေးမှု သဘောထားရယူနိုင်ရေးက အမြန်ဆုံးပြုလုပ်နိုင်ပါစေလို့ ကျွန်တော်အဲလိုပဲ ဆုတောင်းပါတယ်။ အမြန်ဆုံး လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။