ရက္ခိုင့်တပ်တော် (AA) စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်အပါအဝင် ရှစ်ဦးကို လာမည့် မတ်လ ၁၈ ရက်နေ့ရုံးချိန်းတွင် လွတ်မြောက်မည်ဟု ၇၀ ရာနှုန်းအထိ မျှော်လင့်ထားကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးခင်နုက ပြောသည်။
“ဗွီဒီယိုအွန်လိုင်းကနေပြီးတော့ လာမယ့်ရုံးချိန်းမှာ စစ်ဆေးမှာ။ သူတို့ကလည်း ဗွီဒီယိုအွန်လိုင်းကနေ စစ်ဆေးပေးဖို့ တောင်းဆိုထားတာရှိတယ်လေ။ လာမယ့်ရုံးချိန်းမှာတော့ တစ်ခုတော့ ထူးမယ်လို့ ထင်ပါတယ်။ အခုက သူတို့ကို တရားစွဲထားတဲ့ ရဲတပ်ဖွဲ့က အမှုတွေကို ပြန်ရုပ်သိမ်းပေးရမယ်လေ။ အကြမ်းဖက်အဖွဲ့ အဖြစ်ကနေ ဖျက်ထားပြီးပြီလေ။ ကျွန်တော်တို့ကတော့ လာမယ့်ရုံးချိန်းမှာ လွတ်မယ်လို့ ၇၀ ရာခိုင်နှုန်းလောက် မျှော်လင့်ထားပါတယ်” ဟု ပြောသည်။
၄င်းတို့ကို မတ် ၁၈ ရက်တွင် ဗွီဒီယိုအွန်လိုင်းမှတစ်ဆင့် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်သည်။
ပြီးခဲ့သော မတ် ၁၁ ရက်က ULA/ AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းကြောင်း လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့သဖြင့် အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားသည့် ကိုအောင်မြတ်ကျော်အပါအဝင် ရှစ်ဦး၏အမှုကို တရားလိုဘက်မှ ပြန်ရုပ်သိမ်းသွားနိုင်ခြေရှိကြောင်း သူကပြောသည်။
“လက်ရှိ အမှုအခြေနေက ရဲသက်သေ တရားလိုဘက်က သက်သေပေါ့။ အဲဒီ တရားလိုသက်သေကို စစ်ဆေးဖို့အတွက် လေးယောက်ကျန်သေးတယ်။ တရားလိုသက်သေက စုစုပေါင်း ၂၀ ကျော်ရှိတဲ့အထဲ အခု စစ်ဆေးဖို့ လေးယောက်ပဲကျန်ခဲ့တာ။ အေအေကို အကြမ်းဖက်အဖွဲ့လို့ ကြေညာတဲ့အမိန့်က သူတို့ကို တရားစွဲပြီးနောက်ပိုင်းမှ ထုတ်ပြန်တာ ဖြစ်တယ်။ အဲဒါကြောင့် ဒါဟာ ဥပဒေနဲ့မညီဘူး။ ဆိုတော့ ကြေညာတဲ့နေ့ကစလို့ နောက်ပိုင်းမှာ ဆက်စပ်တဲ့သူတွေကို အရေးယူရမယ်လေ။ သူတို့က အကြမ်းဖက်အဖွဲ့ မကြေညာခင်ကတည်းက ဖြစ်တဲ့ကိစ္စဖြစ်တဲ့အတွက် ဥပဒေအရ အကျုံးမဝင်ဘူးပေါ့” ဟု ဦးခင်နုက ပြောသည်။
အဆိုပါ အကြမ်းဖက်မှုပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူ ရှစ်ဦးမှာ ကိုအောင်မြတ်ကျော်အပါအဝင် ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ မောင်ပန် (ခ) ထွန်းအေးနှင့် ကိုရွှေလှိုင်သန်းတို့ဖြစ်ကြသည်။
ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် ကိုတင်လှိုင်ဦး၏ဖခင် ဦးထွန်းတင်က “ကျွန်တော်တို့ကတော့ အမြန်ဆုံးလွတ်စေချင်ပါတယ်။ အဖမ်းခံထားရတာကလည်း ကြာလည်းကြနေပြီ။ အခု လာမယ့်ရုံးချိန်းမှာတော့ တစ်ခုခုထူးမယ်လို့ သတင်းတွေထွက်နေတယ်ပေါ့” ဟု ပြောသည်။