ချင်းအမျိုးသားတပ်ဦးထံမှ CDM ဝင်သည့် ရဲဝန်ထမ်းများကို လွှဲပြောင်းရယူရေး စစ်တပ်၏ကြိုးပမ်းမှု မအောင်မြင်

ချင်းအမျိုးသားတပ်ဦးထံမှ CDM ဝင်သည့် ရဲဝန်ထမ်းများကို လွှဲပြောင်းရယူရေး စစ်တပ်၏ကြိုးပမ်းမှု မအောင်မြင်

အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ချင်းအမျိုးသားတပ်ဦး (CNF) ခေါင်းဆောင်တစ်ချို့ကို ချင်းပြည်နယ် ဟားခါးမြို့တွင် တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့ပြီး CDM ဝင်သည့် ရဲဝန်ထမ်းများအား လွှဲပေးရန် တောင်းဆိုခဲ့သော်လည်း ၎င်းတို့ထံတွင်မရှိကြောင်း CNF က ငြင်းဆိုခဲ့သည်ဟု သိရသည်။

 

ယမန် (မတ်လ ၁၀ ရက်) ညနေ ၄ နာရီတွင်ပြုလုပ်ခဲ့သည့် အဆိုပါဆွေးနွေးမှုတွင် စစ်ကောင်စီအနေဖြင့် လက်ရှိ ဖမ်းဆီးထားသူများအား လွှတ်ပေးရန်၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား အနှောက်ယှက်မပေးရန် CNF ဖက်က တောင်းဆိုခဲ့ပြီး စစ်တပ်ဘက်ကလည်း CDM ဝင်သည့်ရဲဝန်ထမ်းများအား လွှဲပေးရန် CNF ကို တောင်းဆိုခဲ့သော်လည်း CDM ဝင်သည့် ရဲဝန်ထမ်းများမှာ CNF စခန်းတွင်မရှိကြောင်း အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း CNF ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ယမန်နေ့က CDM ဝင်သည့် ရဲဝန်ထမ်းများအား ရှာဖွေရန်ဟုဆိုကာ ထန်တလန်မြို့နယ်အတွင်းရှိ CNF ဗဟိုဌာနချူပ် ဝိတိုရိယစခန်းသို့ စစ်တပ်မှ သွားရောက်ခဲ့ပြီး နောက်တစ်ခါမလာရောက်ရန် သတိပေးပြောဆိုခဲ့ကြောင်း CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

 

“မနေ့ကတော့ သူတို့ခါတိုင်းလာနေကျအတိုင်းလာတယ်၊ CDM ဝင်တဲ့ရဲဝန်ထမ်းတွေ ဒီမှာရှိတယ်လို့ကြားတယ်။ ထုတ်ပေးပါလို့ပြောတယ်။ မပေးနိုင်ဘူး၊ ရှိလည်းမရှိဘူး၊ အဲလိုမျိုး လက်ခံထားတာလည်းမရှိဘူးလို့ ပြန်ပြောလိုက်တယ်။ အဲမှာသူတို့ပြန်လှည့်ပြီးတော့ သူတို့ ခုထိမပြန်သေးဘူး။ ကျွန်တော်တို့နယ်မြေထဲမှာဘဲရှိသေးတယ်။ သူတို့ စခန်းကိုပြန်လာမယ်လို့ပြောတော့ ပြန်လည်းမလာနဲ့တော့လို့ သတိပေးထားတယ်” ဟု ချင်းအမျိုးသားတပ်ဦး၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။

 

ချင်းအမျိုးသားတပ်ဦးနှင့် အစိုးရအကြား အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီးနောက် မြန်မာ့တပ်မတော်မှ ချင်းအမျိုးသားတပ်ဦးအခြေစိုက်စခန်းသို့ ကြိုတင်အသိပေးအကြောင်းကြားမှုများမရှိဘဲ သွားရောက်မှုများရှိခဲ့ပြီး စစ်တပ်မှ အာဏာသိမ်းပြီးနောက် ယခုတစ်ကြိမ်မှာ စခန်းသို့ သွားရောက်သည့် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...