ဗန်းမော်မြို့မှ ဖမ်းဆီးခံထားရသည့် ကိုဖိုးညီကို မတ် ၁၆ ရက်တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
"ကိုဖိုးညီကို ရမန်ယူထားပြီ ပြီးတော့ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားတယ်လို့ သိရတယ်။ သူ့ကိုဖမ်းပြီးတော့ ခံဝန်ကတိနဲ့ပြန်လွှတ်မယ်ထင်ခဲ့တာ သူ့ကိုစဖမ်းတဲ့နေ့လည်း ဝန်းရံမယ့်အချိန်မရလိုက်ဘူး။ ဖမ်းပြီး ၁ နာရီလောက်ဆို အကျဉ်းထောင်ကို ပို့လိုက်ကြတော့ ဘယ်လိုမှ မဝန်းရံနိုင်ခဲ့ဘူး" ဆိုပြီး ဗန်းမော်ဒေသခံလူငယ် ကိုမင်းမင်းထက်ကပြောသည်။
ဖမ်းဆီးခံထားရသည့် ကိုဖိုးညီသည် မတ် ၈ ရက်က သပိတ်စစ်ကြောင်းရုတ်သိမ်းပြီးနောက် အကင်ဝယ်ရန် ဆိုင်သို့ဝင်ရောက်ချိန် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံလူငယ်များကပြောသည်။
ကိုဖိုးညီဖမ်းဆီးခံရသည့် မတ် ၈ ရက်တွင် ကိုဖိုးညီနှင့်အတူ လူငယ်သုံးဦး ဖမ်းဆီးခံရသော်လည်း ကျန်လူငယ်သုံးဦးကို ခံဝန်ကတိဖြင့်ပြန်လည်လွှတ်မြောက်လာသည်။
ဗန်းမော်မြို့တွင် စစ်အာဏာသိမ်းပြီးေနာက် ဖေဖော်ဝါရီ ၈ ရက်မှစကာ ဆနထုတ်ဖော်ခဲ့ကြပြီးနောက် မတ် ၈ ရက်တွင် ဆနပြပြည်သူအချို့ ပထမဆုံး ထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။
“ဒီတစ်ယောက် ဖမ်းပြလိုက်ရင် လူငယ်တွေ ငြိမ်သွားမယ်ထင်နေလားမသိဘူး။ ခုဆို တစ်ရက်ထက်တစ်ရက် လူငယ်တွေက ပိုများလာတယ်။ ကျနော်တို့လူငယ်တွေက ဒီတိုက်ပွဲနိုင်အောင် တိုက်သွားမှာဖြစ်တယ်။ အပြစ်မရှိ အေးချမ်းစွာ ဆနထုတ်ဖော်နေတဲ့ပြည်သူတွေကို မတရားဖမ်းဆီးခံရတာ လုံးဝသည်းမခံနိုင်ဘူး“ ဟု ဗန်းမော်လူငယ်တစ်ဦးကပြောသည်။
ဗန်းမော်မြို့တွင် မတ် ၈ ရက်နောက်ပိုင်း နေ့စဉ်ဖမ်းခံရသည့်ပြည်သူများရှိနေပြီး ကိုဖိုးညီမှလွဲ၍ အားလုံးကို ခံဝန်ကတိဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။