မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ ခုလုံးတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းမှု မတ် ၇ ရက်၌ ပြီးစီးသွားကြောင်း မွန်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းရာတွင် မွန်ပြည်နယ်သည် မြို့နယ်အားလုံး ဖွဲ့စည်နိုင်ခဲ့ပြီး ပထမဆုံး ဖွဲ့စည်းမှုပြီးခဲ့သည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မွန်ပြည်နယ်၏ မြို့နယ်အားလုံး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းပြီးခဲ့တာကြောင့် ဆက်လက်ပြီး ရပ်ကွက်ကျေးရွားအုပ်စုအလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းများကိုလည်း အလျင်အမြန် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု (CRPH) နှင့် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြု (CRMH) တို့ကို ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသခံပြည်သူများ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် အစုအဖွဲ့များဖြစ် ဖွဲစည်းခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
မြို့နယ်အလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွင် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိ- မြို့ဖ ကိုယ်စားလှယ်များ၊ CDM လှုပ်ရှားမှုတွင် ပါဝင်သေား ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူငယ်အဖွဲ့များက ကိုယ်စားလှယ်များပါဝင်ကြောင်း သိရသည်။
မွန်ပြည်နယ်မှ ဘီးလင်း၊ သထုံ၊ ပေါင်နှင့် ကျိုက်မရောမြိုနယ်တို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဘီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် ဘီးလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် လေးဦး၊ မြို့မိ-မြို့ဖ ကိုယ်စားလှယ် ငါး ဦး၊ ဥပဒေပညာရှင် နှစ်ဦး၊ CDM လှုပ်ရှားမှုတွင်ပါဝင်သော ဌာနဆိုင်ရာ ကိုယ်စားလှယ် ငါးဦး၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် သုံးဦး၊ လူငယ်များအဖွဲ့မှ ကိုယ်စားလှယ် လေးဦးပါဝင်ကြောင်း သိရသည်။
ထို့ပြင် သထုံမြို့နယ်က အဖွဲ့ဝင် ၁၅ ဖြင့် မတ်လ၂ ရက်တွင် လည်းကောင်း၊ ပေါင်မြို့နယ်က မတ် ၃ ရက်တွင် အဖွဲ့ဝင် ၁၉ ဦးဖြင့် လည်းကောင်း၊ ကျိုက်မရောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းကို မတ် ၂ ရက်တွင် အဖွဲ့ဝင် ၂၂ ဦးပါဝင်ကြောင်း ထုတ်ပြန်ထားသည်။
Published
Monday, March 08, 2021
မွန်ပြည်နယ် မြို့နယ်အားလုံး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းမှုပြီးစီး