ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် လူငယ်များဦးဆောင်သည့် သပိတ်စစ်ကြောင်းကို မတ် ၇ ရက်တွင် ရဲတပ်ဖွဲ့နှင့် စစ်တပ်က ဖြိုခွင်းခဲ့သော်လည်း ဆက်လက်ဆန္ဒပြခဲ့ကြောင်းသိရသည်။
တောင်ကြီးမြို့ ရတနာသီရိ၊ ပြည်တော်သာ၊ ၃ လမ်းဆုံ စသည့် တောင်ကြီးမြို့၏ အနောက်မြို့ပတ်လမ်းများတွင် လူငယ်များက စစ်အာဏရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြနေချိန် ရဲတပ်ဖွဲ့နှင့် စစ်တပ်များရောက်ရှိလာကာ ဘူဒိုဇာများနှင့်ဖြိုခွင်း၍ မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များ၊ အသံဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။
“ဒဏ်ရာအနည်းငယ်ရတဲ့သူတော့ရှိတယ်။ မိန်းခလေးတစ်ချို့ မျက်ရည်ယိုဗုံးမွန်တာတို့ မူးလဲတာမျိုးတို့ ရှိပေမယ့် ဒီနေ့ ကျွန်တော်တို့အောင်မြင်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေလိုချင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီရရှိဖို့နဲ့ စစ်အာဏာရှင်ကျရှုံးဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်” ဟု ဆန္ဒပြပွဲတွင်ပါဝင်သူ လူငယ်တစ်ဦးက ပြောသည်။
အဆိုပါ သပိတ်စစ်ကြောင်းများမှာ နေ့လည် ၁၁ နာရီတွင်စတင်ပြီး တစ်နာရီတွင် ပြိုင်တူပြီးဆုံး လူစုခွဲသွားကြောင်းသိရသည်။
တောင်ကြီးမြို့ပေါ်တွင် စစ်အာဏရှင်ဆန့်ကျင်ရေး ဆန္ဒပြရာတွင် ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ ရဲတပ်ဖွဲ့နှင့် စစ်တပ်ကအင်အားသုံး၍ မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များ၊ အသံဗုံးများဖြင့် အကြမ်းဖက်ဖြိုခွဲပြီး ဖမ်းဆီးခဲ့ရာ လူငယ် ၂၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။