ဖမ်းဆီးခံထားရသည့် တောင်ကုတ်မြို့နယ် NLD မှ သုံးဦးကို ဘေးစီမံနှင့် ငြိမ်းစုစီပုဒ်မများဖြင့် ရုံးထုတ်စစ်ဆေးမည်

ဖမ်းဆီးခံထားရသည့် တောင်ကုတ်မြို့နယ် NLD မှ သုံးဦးကို ဘေးစီမံနှင့် ငြိမ်းစုစီပုဒ်မများဖြင့် ရုံးထုတ်စစ်ဆေးမည်
by -
ထွန်းခိုင် (နိရဥ္စရာ)

ဖမ်းဆီးခံထားရသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ NLD အမတ်ဟောင်းဖြစ်သူ ဦးမင်းအောင်အပါအဝင် သုံးဦးကို မတ် ၁၀ ရက်တွင် တောင်ကုတ်မြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နှင့်အတူ တောင်ကုတ်မြို့နယ် NLD အဖွဲ့ဝင် ကိုသန့်ဇင်ဖြိုးနှင့် တောင်ကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅) နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ (၁၉) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ သုံးဦးကို ရုံးထုတ်သည့်နေ့တွင် ပါဝါတင်ရန် တပါတည်းလုပ်ဆောင်သွားမည်ကြောင်း ယင်းအမှုအား လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေဒေါ်သင်္ဂီမောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ကိုမင်းအောင်နဲ့ အွန်လိုင်းဗွီဒီယိုနဲ့စကားပြောခွင့်ရခဲ့တယ်။ အမှုကို အစ်မတစ်ယောက်တည်း လိုက်မှာမဟုတ်ပါ ဘူး။ ဥပဒေကုစားရေးအဖွဲ့ (Legal Clinic Myanmar)က ဆရာဦးညွှန့်မောင်တို့နဲ့ တွဲပြီးလိုက်တာ။ သူတို့ကို တရားလို နှစ်ယောက်အမှုဖွင့်ထားတာ။ အမှုကနှစ်ခုဖြစ်သွားတာပေါ့” ဟု သူမက ပြောသည်။

၄င်းတို့ သုံးဦးကို ဖေဖော်ဝါရီ ၂၆ ရက်ကအမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး မတ် ၃ ရက်တွင် ရှေ့နေဖြစ်သူ ဒေါ်သင်္ဂီမောင်က အမှုသည်နှင့် တွေ့ဆုံခွင့်ရရေး စာရေးတောင်းဆိုခဲ့သဖြင့် ဦးမင်းအောင်အား အွန်လိုင်းမှတဆင့် စကားပြောခွင့်ရ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဦးမင်းအောင်တို့ဖမ်းဆီးခံရသည့် ဖေဖော်ဝါရီ ၉ ရက်မှစ၍ မိသားစုနှင့် တွေ့ဆုံခွင့်မပေးသဖြင့် ၎င်းတို့၏ မိသားစုဝင်များက စိုးရိမလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အမှုတင်တဲ့အခါမှာလည်း တရားရုံးက အွန်လိုင်းကနေ ဗွီဒီယိုနဲ့ပဲအမှုတင်တယ်။ အမှုတင်တဲ့ အချိန်မှာတရား သူကြီးက မှာလိုက်တယ်။ အမှုတင်ပြီးသွားတဲ့အတွက် ရဲစခန်းနဲ့ပဲသက်ဆိုင်တယ်။ တောင်ကုတ်မြို့မရဲစခန်း ထဲ မှာပဲရှိရမယ်လို့ပြောလိုက်တယ်။ အခုအချိန်ထိတော့ အစ်မရဲ့အမှုသည်က တောင်ကုတ်မြို့မရဲစခန်းကို မရောက်သေးဘူး။ မိသားစုတွေကလည်း စိုးရိမ်နေကြတယ်” ဟု ဒေါ်သင်္ဂီမောင်က ပြောသည်။

ဦးမင်းအောင်သည် တောင်ကုတ်မြို့ရှိ ခလရ (၅၄၄) အချုပ်ထဲတွင် လက်ရှိ အချိန်ထိ ရှိနေကြောင်း အွင်လိုင်းက နေ စကားပြောခွင့်ရခဲ့စဉ် ဦးမင်းအောင်က ပြောဆိုခဲ့ကြောင်းနှင့် ကိုသန့်ဇင်ဖြိုးနှင့် ဦးတင်သိန်းအောင်တို့မှာ လက်ရှိတွင် တောင်ကုတ်မြို့မရဲစခန်းတွင် ရှိနေသည်ဟု ဆိုသည်။

တောင်ကုတ်မြို့တွင် ဖေဖော်ဝါရီ ၉ ရက်က တပ်မတော်အာဏာသိမ်းမှုအားဆန့်ကျင်ရေး ဆန္ဒပြသည့် ကိစ္စဖြင့် ပတ်သက်၍ ၄င်းတို့ကို ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...