နိုင်ငံတော်အကြည်အညိုပျက်စေပုဒ်မဖြင့် တရားစွဲခံနေရသည့် ရခိုင်ကျောင်းသားလေးဦး ဘေး/စီမံပုဒ်မဖြင့် ထပ်မံအမှုဖွင့်ခံရ

နိုင်ငံတော်အကြည်အညိုပျက်စေပုဒ်မဖြင့် တရားစွဲခံနေရသည့် ရခိုင်ကျောင်းသားလေးဦး ဘေး/စီမံပုဒ်မဖြင့် ထပ်မံအမှုဖွင့်ခံရ
by -
ထွန်းခိုင် (နိရဥ္စရာ)

NLD အစိုးရကို ဆန့်ကျင်ဆန္ဒပြ၍ နိုင်ငံတော်အကြည်အညိုပျက်စေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံနေရသည့် ရခိုင်ကျောင်းသားလေးဦးကို ဘေး/စီမံပုဒ်မဖြင့် ထပ်မံအမှုဖွင့်လိုက်ကြောင်း သိရသည်။

၎င်းတို့လေးဦးကို မတ် ၅ ရက် နေ့လယ်က စစ်တွေမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးစဉ် ယခုကဲ့သို့ ပုဒ်မတစ်ခုထပ်တိုးလာခဲ့ခြင်းဖြစ်သည်ဟု စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ပြောသည်။

“ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးချုပ်နှောင်းခံထားရတဲ့ ကျောင်းသားလေးယောက်ကို ထပ်ပြီးတော့မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာပုဒ်မ (၂၉) နဲ့ ထပ်ပြီးတော့ စွဲဆိုလိုက်တယ်” ဟု ၎င်းက ပြောသည်။

၎င်းတို့လေးဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ (၂၉) ဖြင့် တရားစွဲဆိုရသည့် အကြောင်းရင်းကို မသိရသေးသော်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒု-ဦးစီး ဦးအောင်ဇံဝေက တရားလိုလုပ်ကာ တရားစွဲဆိုခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

တရားစွဲခံနေရသည့် တက္ကသိုလ်ကျောင်းသားလေးဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက်သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂမှ တွဲဘက်အတွင်းရေးမှူး ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားသမဂ္ဂမှ ကိုကောင်းထွန်းတို့ဖြစ်ကြသည်။

အဆိုပါလေးဦးသည် ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သည့် NLD အစိုးရကို ဆန့်ကျင် ဆန္ဒပြပွဲအား ဦးဆောင်ခဲ့မှုဖြင့် ရဲတပ်ဖွဲ့ ရဲမှူးဇော်နိုင်က တရားလိုလုပ်ကာ မြို့နယ်တရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က "ဒီအမှုတွေနဲ့ပတ်သက်ပြီးတော့ သူတို့ဘက်က မှန်လား၊ မှားလား ဆိုတာကို ဆန်းစစ်ဖို့လိုပါတယ်။ ကျွန်တော်တို့က ပြည်သူတွေ ခံစားနေတာတွေ၊ ခံစားနေရတာတွေကို ချပြတာဖြစ်ပါတယ်။ ဒီအပေါ်မှာ မတရားပုဒ်မတွေ တပ်ပြီးစွဲဆိုလိုက်တာဟာ ကျွန်တော်တို့ တိုုင်းရင်းသားတွေကို သပ်သပ်နှိပ်ကွပ်တယ်လို့ မြင်ပါတယ်" ဟု ပြောသည်။

၎င်းတို့လေးဦးအား လာမည့် မတ်လ ၁၉ ရက်နေ့တွင် ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...