တပ်က အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုဖြင့် အမှုရင်ဆိုင်နေသူ ရခိုင်ပြည်နယ်မှ ၁၂ ဦး ပြန်လည်လွှတ်ပေး

တပ်က အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုဖြင့် အမှုရင်ဆိုင်နေသူ ရခိုင်ပြည်နယ်မှ ၁၂ ဦး ပြန်လည်လွှတ်ပေး
by -
ထွန်းခိုင် (နိရဥ္စရာ)

တပ်မတော်မှ အာဏာထိန်းသိမ်းလိုက်သည့်နောက်ပိုင်း ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုဖြင့် အမှုရင်ဆိုင်နေရသူများထဲမှ ထွေအုပ်ဝန်ထမ်းတစ်ဦးနှင့် စစ်ဘေးရှောင် ၁၁ ဦးတို့ကို မတ် ၅ ရက် နေ့လယ် ၂ နာရီအချိန်ခန့်က ပြန် ]လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ပြန်လည်လွတ်မြောက်လာသူများမှာ ကျောက်တော်မြို့၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ဦးမင်းစိုးမြင့် (၃၀) နှစ်၊ ဦးစိုးမိုးဌေး (၂၈) နှစ်၊ ဦးကျော်ကျော်နိုင် (၂၉) နှစ်၊ ဦးမောင်မဲတင် (၃၀) နှစ်၊ ဦးကျော်လှိုင် (၃၆) နှစ်၊ ကိုမောင်မျိုးကျော် (၂၄) နှစ်၊ ဦးသန်းဝင်းလှိုင် (၂၆) နှစ်၊ ကိုထွန်းထွန်းနိုင် (၂၅) နှစ်၊ ဦးကျော်မိုးလှိုင် (၃၂) နှစ်၊ ကိုအောင်ဖြိုးသက် (၂ဝ) နှစ်၊ ဦးအောင်ကျော်ဆန်း (၂၆) တို့နှင့် မြို့နယ် ထွေ/အုပ်မှ စာရေးဝန်ထမ်း ဦးအုန်းနိုင်တို့ဖြစ်ကြသည်။

၄င်းတို့မှာ ပြစ်မှုမထင်ရှားသဖြင့် မြောက်ဦးခရိုင်တရားရုံးက အပြီးသတ်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

ပြန်လည်လွတ်မြောက်လာသူများတွင် ပါဝင်သည့် ဦးကျော်ကျော်နို်င်၏ ဇနီး မဂွမ်းမဦးက “ကျွန်မအမျိုးသားကို ပြန်ခေါ်လာနိုင်ခဲ့ပါပြီ။ ပြောမပြတတ်အောင်ပျော်မိပါတယ်။ အပြစ်မရှိလို့ပြန်လွှတ်ပေးလိုက်တာပါ။ အသက်မပြည့်တဲ့လူငယ်တွေကိုက လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက အာမခံနဲ့လွှတ်ပေးခဲ့တယ်” ဟုပြောသည်။

ယခု လွတ်မြောက်လာသူများအပါအဝင် အသက်မပြည့်သေးသူ (၃) ဦးတို့သည် ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ် ဧပြီ ၄ ရက်က ကျောက်တော်မြို့သို့ အစိုးရထောက်ပံ့ဆန်သွားထုတ်၍ အပြန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ (ည) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု  မိသားစုဝင်များက ပြောသည်။

၄င်းတို့ (၁၂) ဦးအပါအဝင် အသက်မပြည့်သူ သုံးဦးမှာ မောင်လင်းလင်းချေ (၁၅) နှစ်၊ မောင်လှဝင်း (၁၇) နှစ်နှင့် မောင်ဖြူသီး (၁၇) နှစ်တို့ကိုဖြစ်ကြသည်။

၄င်းတို့အမှုအား လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေဦးအောင်သန်းဝင်းကလည်း စစ်ဘေးရှောင်များ ယခုလိုပြန်လည်လွတ်မြောက်လာသည့် အတွက်ဝမ်းသာကြောင်းပြောသည်။

ရှေ့နေဦးအောင်သန်းဝင်းက “လွတ်တာက ၁၂ ယောက်ပါ။ အခုမိသားစုဆီကိုပြန်သွားကြပါပြီ။ ကျွန်တော်ကတော့ သိပ်ဝမ်းသာတာပေါ့ဗျာ။ ကျန်တဲ့ အသက်မပြည့်တဲ့လူငယ်တွေကိုတော့ ကျောက်တော်မှာစစ်တာလို့သိရတယ်။ ကျွန်တော်တော့ သူတို့သုံးယောက်နဲ့ပတ်သက်ပြီး အတိအကျမသိပါဘူး” ဟုပြောသည်။

အသက်မပြည့်သေးဘဲ အမှုရင်ဆိုင်နေရသည့် မောင်လှဝင်း၊ မောင်ဖြူသီးနှင့် မောင်လင်းလင်းချေတို့အား လာမည့် မတ်လ ၈ ရက်နေ့တွင် ကျောက်တော်မြို့နယ်တရားရုံး၌ ရုံးချိန်းခေါ်ယူထားသည်ဟုလည်း ၄င်းတို့သုံးဦး၏အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ဥပဒေကုစားရေးအဖွဲ့မြန်မာ (Legal Clinic Myanmar) မှ တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာကပြောသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...