ပါတီမှနုတ်ထွက်ရခြင်းသည် ကျန်းမာရေးအခြေအနေကြောင်းဖြစ်ပြီး လက်ရှိ NLD ပါတီအကျပ်အတည်းဖြစ်နေခြင်းနှင့် မသက်ဆိုင်ကြောင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဦးစံရွှေကျော်က ပြောသည်။
ဦးစံရွှေကျော်သည် NLD ပါတီမှ မတ် ၃ ရက်တွင် နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး ယင်းနေ့တွင် နုတ်ထွတ်စာကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ခရိုင်အလုပ်အမှုဆောင်အဖွဲ့၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများထံ ပို့ပေးခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်တို့ အကျပ်အတည်းကာလမြောက်မားစွာကို ရင်ဆိုင်ခဲ့ပြီးသားဖြစ်တယ်။ အဲအချိန်ကလည်း တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တယ်။ အခုက ကျန်းမာရေးနည်းနည်း ချွတ်ယွင်းလို့၊ သက်အရွယ်လည်းကြီးလာတဲ့အတွက် အနားယူချင်လို့ဖြစ်တယ်” ဟု ပြောသည်။
ကျန်းမာရေးဆိုင်ရာ ချွတ်ယွင်းမှုများရှိလာခြင်း၊ အသက်အရွယ်ကြီးရင့်လာခြင်းတို့ကြောင့် ဘဝ၏ လက်ကျန်အချိန်များကို လူမျိုး၊ စာပေ၊ယဉ်ကျေးမှု၊ အနုပညာတို့၌သာ အချိန်ပေးမွေ့လျော်လိုပါ၍ နှစ်ပေါင်းသုံးဆယ်ကျော် ထမ်းဆောင်လာခဲ့သော တာဝန်များမှ အနားယူခွင့်ပြုပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါကြောင်း နုတ်ထွက်စာတွင် ရေးသားထားသည်။
NLD ပါတီ ရခိုင်ပြည်နယ်ဒု-ဥက္ကဋ္ဌ ဦးစိုးလေးက “NLD ပါတီထဲမှာနေတယ်ဆိုတာလည်း သူ့ရဲ့ ထောက်ခံမှုပဲ။ သူ့ရဲ့ ပါဝင်ပူးပေါင်းမှုပဲ။ သူ NLD မှာ မလုပ်ချင်လို့ စောစောကပြောသလို အသက်ကြီးလို့ဖြစ်စေ ဒါကတော့ သူ့အခွင့်အရေးပဲ၊ သူ့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ဆုံးဖြတ်ခွင့်ပဲဖြစ်တယ်။ သူထွက်တယ်ဆိုရင် ကျွန်တော်တို့ကတော့ ထုတ်ပယ်ပေးရမှာပဲဖြစ်တယ်” ဟု ဆိုသည်။
အဖွဲ့ချုပ်၏ မူဝါဒနှင့် ရှေ့လမ်းစဉ်များဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေး စစ်မှန်သောဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးတို့သည် မြန်မာနိုင်ငံရှိတိုင်းရင်းသားလူမျိုးအားလုံး၏ လိုလားချက်များဖြစ်သည်နှင့်အညီ ကိုယ်စွမ်းရှိသရွေ့ ဉာဏ်စွမ်းရှိသရွေ့ နှစ်ပေါင်းများစွာတာဝန်ထမ်းရွက်ခဲ့ကြောင်း ဦးစံရွှေကျော်၏ နုတ်ထွက်စာတွင် ရေးသားထားသည်။
အလားတူ ရှစ်လေးလုံး ဒီမိုကရေစီလူထုတော်ပုံကြီး၏ အကျိုးဆက်ကြောင့် ပေါ်ပေါက်လာရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ခံစားချက်များဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ဟု ရေးသားထားသည်။
ဦးစံရွှေကျော်သည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း NLD ပါတီကိုယ်စားပြုအဖြစ် စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။