အချိုးကျကိုယ်စားပြုစနစ် (PR System) နှင့် စပ်လျဉ်း၍ စာတမ်းများပြုစုပေးပို့ရန် အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က စာရေးတောင်းဆိုထားမှုကို သုံးသပ်နေဆဲဖြစ်ဟု ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ဒု-ဥက္ကဋ္ဌဦး ကျော်ဇောဦးက နိရဥ္စရာသို့ ပြောသည်။
“အချိုးကျကိုယ်စားပြုစနစ် ပြောင်းလဲကျင့်သုံးမှုနဲ့ ပတ်သက်လို့ကတော့ ရခိုင့်ဦးဆောင်ပါတီအနေနဲ့ သုံးသပ်နေတုန်းပါ။ ပို့ပေးမှုနဲ့ ပတ်သက်လို့ကတော့ သုံးသပ်နေတုန်း၊ ပြုစုနေတုန်း၊ ပို့သင့်/မပို့သင့် ကြည့်ရအုံးမယ်” ဟု ၎င်းက ပြောသည်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီက အသစ်ဖွဲ့စည်းထားသော ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်သစ်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ၌ တက်ရောက်လာသည့် နိုင်ငံရေးပါတီအချို့က လက်ရှိ ကျင့်သုံးနေသည့် ရွေးကောက်ပွဲစနစ်ဖြစ်သော မဲအများဆုံး ရရှိသူတစ်ဦးသာ အနိုင်ရ ကိုယ်စားလှယ်ဖြစ်သည့် First Past The Post System (FPTP System) အစား နိုင်ငံတော်နှင့် သင့်လျော်သည့် အချိုးကျ ကိုယ်စားပြုစနစ် Proportional Representation System ( PR System) ကို ပြောင်းလဲကျင့်သုံရန် တင်ပြခဲ့ကြကြောင်း သိရသည်။
အဆိုပါစနစ်သည်လူထုကိုယ်စားပြုအသံပါနိုင်ရန်အတွက် တတ်နိုင်သလောက်ပြောင်းလဲ ပြုလုပ်မည့် သဘောဖြစ်သည်ဟု နားလည်ကြောင်း ၎င်းက ဆက်ပြောသည်။
“FPTP တစ်မဲသာအနိုင်ရစနစ်မှာ ဆန္ဒမဲ ၆၀၊ ဆန္ဒမဲ ၄၀ အသီးသီး ရရှိကြတယ်ဆိုရင် ဆန္ဒမဲ ၆၀ ကိုယ်စားပြုတဲ့သူက တက်လာပြီးတော့ ဆန္ဒမဲ ၄၀ ရတဲ့လူက နိုင်ငံရေးတာဝန်တွေမှာ လုပ်ပိုင်ခွင့်မရှိတော့တဲ့ သဘောပေါ့။ တစ်မဲသာအနိုင်ရစနစ်နဲ့ လုပ်မယ်ဆိုရင် ပါတီကြီးတွေက ထပ်ကာတလဲလဲနိုင်နေတဲ့အတွက် ကြီးတဲ့ပါတီက ကြီးသထက်ကြီးလာပြီး ငယ်တဲ့ပါတီတွေက ငယ်သထက်ငယ်လာတတ်တဲ့ သဘောရှိတယ်။ PR စနစ်က အဲဒီလိုမျိုးမဖြစ်ရအောင် ရှုံးသွားတဲ့ဘက်က ကိုယ်စားပြုနိုင်ဖို့အတွက် စီစဉ်ထားတဲ့သဘောလို့ အကြမ်းအားဖြင့် ပြောလို့ရပါတယ်။ ဒီလိုမျိုးမဖြစ်ရလေအောင် အားနည်းတဲ့အဖွဲ့အစည်းတွေကလည်း အသံထွက်နိုင်အောင် တင်ပြတဲ့သဘောလိုတော့ နားလည်တယ်” ဟု ပြောသည်။
သို့သော်လည်းမြန်မာနိုင်ငံအခြေအနေနှင့် ကိုက်ညီ၊ မကိုက်ညီကို အသေးစိတ်သုံးသပ်မှုများလုပ်သင့်ကြောင်း ၄င်းက ဆက်ပြောသည်။
နိုင်ငံရေးပါတီများက သုံးသပ်ပြုစုထားသော စာတမ်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ်နှင့် နိုင်ငံရေးပါတီများ ထပ်မံတွေ့ဆုံသည့် ဆွေးနွေးပွဲများတွင် ဆွေးနွေးသုံးသပ်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။