ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က ပိတ်ဆို့မှုများရှိသော်လည်း အကြမ်းဖက်ဖြိုခွင်းမှု ယနေ့တိုင်မရှိသေးကြောင်း သိရသည်။
အဆိုပါ မြို့နယ်တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများကို ဖြိုခွင်းမည်ဟူသောသတင်းများ ထွက်ပေါ်ပြန့်နှံ့လျက်ရှိသော်လည်း လမ်းကြောင်းများ ပိတ်ထားသည်ကလွဲ၍ တစုံတရာ ပြုလုပ်ခြင်းမရှိသေးကြောင်း သိရသည်။
မိုးညှင်းသပိတ်စစ်ကြောင်းကို ရဲကတားဆီးလျှင် ထိပ်တိုက်မတွေ့ဘဲ ကွေ့ရှောင်ကာ ဆန္ဒထုတ်ဖော်လျက်ရှိသည်ဟု ဆိုသည်။
“လူမှုကွန်ရက်မှာတော့ ‘မ’ နဲ့စတဲ့မြို့တွေ ဖြိုခွင့်တယ်ဆိုတဲ့ဟာကလည်း ပြန့်နေတာလေ။ ပြီးတော့ မြစ်ကြီးနာကရဲတွေ မိုးညှင်းရောက်နေတယ်။ မိုးညှင်းကရဲတွေ ကိုင်တွယ်မှု အဆင်မပြေလို့ဆိုပြီး သတင်းကပြန့် နေတယ်” ဟု မိုးညှင်းဒေသခံတစ်ဦးကပြောသည်။
မိုးညှင်းမြို့သို့ မြစ်ကြီးနာမှ ရဲ့တပ်ဖွဲ့၀င်များ လာရောက်ပူးပေါင်းထားသည်ဟု သတင်းများနှင့်ပတ်သက်၍ တိကျစွာ အတည်မပြုနိုင်သော်လည်း မတ် ၃ ရက် ညတွင် မြို့လယ်ရှိ CB ဘဏ်အနီးတွင် အရပ်ကားများဖြင့် ရဲအင်အားများစွာနေရာယူထားကြောင်း မျက်မြင်တွေ့ရှိခဲ့သူများက ပြောသည်။
မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေကြသည့် သပိတ်စစ်ကြောင်းများ ဖြိုခွင်ခံရမှုများဖြစ်ပွားနေသော်လည်း မိုးညှင်မြို့တွင် ဆန္ဒပြစစ်ကြောင်းအရှေ့မှ ဦးဆောင်သူများသည် ထိတ်တိုက်တွေ့မည့်အရေးကို အတက်နိုင်ဆုံးရှောင်ရှား၍ လုပ်ဆောင်နေခြင်းကြောင့် ဖြိုခွင်းခံရခြင်းမရှိကြောင်း ဒေသခံများက သုံးသပ်သည်။
မိုးညှင်မြို့တွင် ပြည်သူများအနေဖြင့် ဖေဖော်ဝါရီ ၈ ရက်မှစတင်ကာ စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း၊ ဖမ်းဆီးခံထားရသည့် နိုင်ငံခေါင်းဆောင်များ ပြန်လွှတ်ပေးရေး ဆန္ဒပြမှုများနှင့် ဌာနဆိုင်ရာ၀န်ထမ်းအများစုကလည်း CDM ပြုလုပ်လျက်ရှိကြောင်း သိရသည်။