ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို မတ်လ ၁၇ ရက်နေ့သို့ ထပ်မံရုံးချိန်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို မတ်လ ၁၇ ရက်နေ့သို့ ထပ်မံရုံးချိန်း
by -
မင်းထွန်း (DMG) & ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်ပြည်နယ်၊ ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို လာမည့် မတ် ၁၇ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်နေသူ သတင်းဥပဒေအထောက်အကူပြုအဖွဲ့မှ ရှေ့နေ ဦးငြိမ်းချမ်းက ပြောသည်။

ဦးညီပုကို ယနေ့ ဒုတိယမြောက် ရုံးချိန်းတွင်းလည်း Video Conferencing သာ ရုံးထုတ်ခဲ့ပြီး မှုခင်းစီမံခန့်ခွဲအစည်းအဝေး ပြုလုပ်ခဲ့ကြသည်ဟု ၄င်းကဆက်ပြောသည်။

“ဒီနေ့ရုံးချိန်းမှာတော့ ကျွန်တော်တို့ မှုခင်းစီမံခန့်ခွဲမှုလုပ်တယ်ပေါ့။ အမှုတစ်မှုကို ကျနော်တို့  ဘယ်နေ့ကနေ ဘယ်နေ့မှာ ဘာလုပ်မယ်။ ဘယ်နှစ်ရက်အတွင်းမှာ ကျွန်တော်တို့ အပြီးသတ်တွေလုပ်မယ်ဆိုတာတွေကို လုပ်ကြတယ်ပေါ့လေ။ လောလောဆယ်တော့ ဒီနေ့က အကြိုညှိနှိုင်းအစည်းအဝေးလို့ခေါ်တာပေါ့။ မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေး အဲဒါကိုလုပ်တယ်” ဟု ၎င်းကပြောသည်။

ဦးညီပုအနေဖြင့် သာမန်လူတစ်ယောက်ကဲ့သို့ လွတ်လွတ်လပ်လပ် ရုံးထုတ်စစ်ဆေးရန်တောင်းဆိုခဲ့ကြောင်းနှင့် အမှုသည်နှင့် ရှေ့နေ လွတ်လွတ်လပ်လပ် တွေ့ဆုံစကားပြောရန် လိုအပ်ကြောင်းလည်း သူကဆက်ပြောသည်။

“အမှုကိစ္စတွေကို ပြောဖို့အတွက်ကျတော့ အမှုသည်နဲ့ ရှေ့နေနဲ့ နှစ်ယောက်လုံး လွတ်လပ်မှုတွေလိုတယ်။ ဦးညီပုဖက်ကတော့ သာမန်လူတစ်ယောက်လိုမျိုးပေါ့ အချုပ်နဲ့ တရားရုံးမှာ ရင်ဆိုင်လို့ရတယ်ဆိုပြီးတော့ပြောတယ်” ဟုပြောသည်။

ဝန်ကြီးချုပ်ဦးညီပုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်နေ့ည ၁ဝ နာရီကျော်တွင် ဂွမြို့နယ်ရှိ ၎င်း၏ နေအိမ်မှ တပ်မတော်သားများက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်ပိုင်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် အမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။

၄င်းအား ပြီးခဲ့သော ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း ပထမဆုံးအကြိမ် Video Conferencing ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ပြီး လက်ရှိအချိန်တွင် ဦးညီပုသည် တပ်မတော်၏ ထိန်းသိမ်းမှုအောက်တွင်ရှိနေကြောင်း ဦးငြိမ်းချမ်းက ဆိုသည်။

ဦးညီပုဖမ်းဆီးခံရသည့်နေ့မှ ယနေ့အချိန်ထိ တစ်လနီးပါးကြာသည့်တိုင် အဆက်အသွယ်မရသေးကြောင်း သမီးဖြစ်သူ မကြည်ကြည်ဦးက ပြောသည်။

“အခုအချိန်ထိ အဆက်အသွယ်မရသေးပါဘူး။ အဖေကို ဘယ်နေရာမှာထားတယ်ဆိုတာကိုလည်း စုံးစမ်းကြည့်တော့ အခုအချိန် ထိနေရာအတိအကျမပြောသေးဘူး။ အဖေရဲ့ ကျန်းမာရေး ဘယ်လိုနေလဲဆိုတာကို သိချင်တာပေါ့။ အဆက်အသွယ်ရချင်တာပေါ့။ ကျွန်မတို့ စုံးစမ်းပြီး ဌာနဆိုင်ရာတွေနဲ့ဆက်စပ်ပြီး နီးစပ်ရာကို မေးကြည့်တော့လည်း ဘယ်မှာထားတယ်ဆိုတာကို အတိအကျမပြောဘူးပေါ့” ဟု ၎င်းကဆိုသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...