ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကိုသာ တရားဝင်အစိုးရအဖြစ် အသိမှတ်ပြုကြောင်းနှင့် တရားမဝင်အာဏာသိမ်းစစ်ကောင်စီအမိန့်ကို နာခံနေမှုများလုပ်ရပ်များအတွက် တာဝန်ခံရမည်ဖြစ်ကြောင်း အသိပေးကြောင်း အစိုးရနည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးထံ CDM ဆရာ/ဆရာမများနှင့် ၀န်ထမ်းများက သတိပေးကြေညာချက်တစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ သတိပေးကြေညာချက်ကို မတ် ၁ ရက်က ပေးပို့ခဲ့ခြင်းဖြစ်ပြီး ယင်းကြေညာချက်ထဲတွင် စစ်တပ်သည် တရားမဝင်အာဏာသိမ်းခြင်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မနက်တွင် လုပ်ဆောင်ခဲ့ကာ မြန်မာနိုင်ငံ၏ တရားဝင်အသိအမှတ်ပြု သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးများကို တည်ဆဲဥပဒေများနှင့် လုံးဝဆန့်ကျင်လျက် ဖမ်းဆီးထိန်းသိမ်း၍ နိုင်ငံတော်ပုန်ကန်မှုကြီးကို ကျူးလွန်ခဲ့မှုကြောင့် ထိုစစ်ကောင်စီ၏လုပ်ရပ်အား ဆန့်ကျင်သည့်အနေဖြင့် အစိုးရနည်းပညာကောလိပ် (မိုးညှင်း) ဌာနအသီးသီးမှ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများသည် စစ်ကောင်စီလက်အောက်တွင် အလုပ်မလုပ်သည့် ငြိမ်းချမ်း၍ အကြမ်းမဖက်သော CDM လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ခဲ့ကြောင်းနှင့် ကျွန်ုပ်တို့သည် တရားဝင်ဖြစ်သော၊ နိုင်ငံတကာအသိအမှတ်ပြုသော၊ ဥပဒေပြုခွင့်ရှိသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကိုသာ တာဝန်ခံ၍ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်းနှင့် ၄င်းတို့မှထုတ်ပြန်သော အမိန့်များကိုသာ နာခံပါမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ၎င်းတို့ရရှိခံစားရမည့်လစာများကို စစ်ကောင်စီအား တော်လှန်နေသည့်ယခုကာလတွင် ထုတ်ယူခြင်းမပြုပဲ တရားဝင်အစိုးရတက်ရောက်သည့်အခါမှသာ စုပေါင်းထုတ်ယူခြင်း (သို့) နိုင်ငံတော်တည်ဆောက ်ရေးအတွက် အကျိုးရှိစွာ အသုံးချခြင်းပြုလုပ်မည်ဖြစ်ပြီး သို့ဖြစ်ပါ၍ လုပ်ခလစများ၊ ထောက်ပံ့ငွေများ လျော့ပါးပျောက်ဆုံးပါက လူကြီးမင်းတို့၏ တာဝန်အလုံးစုံသာဖြစ်ကြောင်း အဆိုပါသတိပေးထုတ်ပြန်ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
CDM ပြုလုပ်နေသော ဆရာ/ဆရာမများအား ခွင့်၊ ခွင့်မဲ့၊ တာ၀န်တစ်ခုခုသတ်မှတ်ပါက သတ်မှတ်ပေးသူက တာ၀န်ယူဖြေရှင်းပေးရမည်ကြောင်း အစိုးရနည်းပညာတက္ကသိုလ် CDM ဆရာ/ဆရာမနှင့် ၀န်ထမ်းများက ဖေဖော်ဝါရီ ၂၈ ရက်ကလည်း ထုတ်ပြန်ကြေညာထားသည်။
အစိုးရနည်းပညာတက္ကသိုလ် (မိုးညှင်း) တွင် ဆရာ/ဆရာမများနှင့် ၀န်းထမ်းများ CDM ပါ၀င်မှု ၇၆.၂၅ ရာခိုင်းနှုန်းရှိပြီး CDM တက္ကသိုလ်အဖြစ် ကြေညာထားသည်။