ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘုံသဘောထားတူညီသော သက်ဆိုင်ရာအဖွဲ့အစည်းများ၊ အင်အားစုများအားလုံးနှင့် ချိတ်ဆက်လုပ်ဆောင်သွားမည်ဟု ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ရွေးကောက်ပွဲတွင် အနိုင်ရသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့မိမြို့ဖများပါဝင်သည့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ကို မတ် ၂ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ အဖွဲ့၏ထုတ်ပြန်ချက်တွင် “မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (မြစ်ကြီးနားမြို့နယ်) သည် မြစ်ကြီးနားမြို့ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်သူများ၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဘုံသဘောတူညီသော သက်ဆိုင်ရာ ပြည်သူ့ဘက်တော်သား အင်အားစုများ အားလုံးနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်” ဟု ရေးသားထားသည်။
ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အား ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် အဖွဲ့ဝင် ၂၁ ဦးဖြင့် ဖွဲ့စည်း ထားသည်ဟု ဆိုသည်။
ယင်းအဖွဲ့ကို ဦးအင်ထုန်းခါးနော်ဆမ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ် - ၁၁ မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မြစ်ကြီးနားမြို့နယ် ဒေါ်ကေရွယ်အောင်၊ မြို့မိမြို့ဖ ကိုယ်စားလှယ် ငါးဦး၊ CDM တွင်ပါဝင်သော နိုင်ငံ့ဝန်ထမ်းကိုယ်စားလှယ် ငါးဦး၊ ပရဟိတ၊ အရပ်ဖက်အဖွဲ့အစည်းများ ကိုယ်စားလှယ် နှစ်ဦး၊ လူငယ်ကိုယ်စားလှယ် နှစ်ဦး၊ အခြား ပါဝင်သင့်ပါဝင်ထိုက်သူများ ကိုယ်စားလှယ် သုံးဦး၊ ဥပဒေပညာရှင် နှစ်ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ယခုကာလတွင် ပြည်သူလူထုအပေါ် ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက်လည်းကောင်း၊ အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့အား စစ်အုပ်စု၏ အထောက်အပံ့ဖြင့် နှောက်ယှက်ဖျက်စီးလျက်ရှိသည့် မသ မာသူများ၏ ရန်မှ ကာကွယ်ရန်အတွက်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများ၏ အာဏာ ဖီဆန်ရေး လှုပ်ရှားမျှုများ (CDM) ကို အရှိန်မြှင့် ဆောင်ရွက်နိုင်ရန်နှင့် ၎င်းတို့ကို ကာကွယ်စောင့် ရှောက်ရန်၊ ကူညီနိုင်ရန်အတွက်လည်းကောင်း၊ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်တစ်ရပ်ကို ချမှတ်ဆောင်ရွက်နိုင်ပါရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က ထုတ်ပြန်ကြေညာထားသည့်အတိုင်း အဖွဲ့အား ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (မြစ်ကြီးနားမြို့နယ်) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ၎င်းတို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (မြစ်ကြီးနားမြို့နယ်) သည် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ၊ ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီ (CRKH) တို့ကို တာဝန်ခံကာ CRPH ထုတ်ပြန်သော ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်ပါ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များနှင့် စည်းကမ်းများအတိုင်း လိုက်နာကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။
တရားမဝင် အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိတော့သည့်အတွက် နိုင်ငံသားများ အနေဖြင့် လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးကို အကာအကွယ်ပေးနိုင်သည့် ဒီမိုကရေစီအစိုးရ တစ်ရပ်ပေါ် ထွန်းလာ သည့်အချိန်အထိ ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပူးပေါင်း၍ မိမိတို့၏လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို စုပေါင်းအားဖြင့် ကာကွယ်နိုင်ရန် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကို ဖွဲ့စည်းရန် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် CRPH က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်နောက်ပိုင်း ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့နယ်တော်တော်များများတွင် မြို့နယ်အလိုက် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။