အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားသော WE Love Mohnyin အဖွဲ့မှ ကိုဝင်းညီညီထွန်း (ခ) နတ်ဆရာနှင့် ကိုကျော်ကောင်းတို့ နှစ်ဦးကိုပြန်လွှတ်ပေးရန် မိုးညှင်း G- Z အဖွဲ့က ဖေဖော်ဝါရီ ၁ ရက် နေ့လယ်ပိုင်း၌ မိုးညှင်းမြို့စျေးအနီး လမ်းထောင့်တွင် ဂီတဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သည်။
၎င်းတို့နှစ်ဦးကို ဖေဖော်ဝါရီ ၂၁ ရက်ညပိုင်းကဖမ်းဆီးသွားခြင်းဖြစ်ပြီး ဆန္ဒပြရာတွင် ဖမ်းဆီးခံသူများအား ပြန်လွှတ်ပေးခြင်းများရှိသော်လည်းမိုးညှင်းမြို့က ပရဟိတလူငယ်နှစ်ဦးအား ယခုအချိန်ထိ ပြန်လည်လွှတ်မပေးခြင်းကြောင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည်ဟု G-Z အဖွဲ့က ဆိုသည်။
ထို့ပြင် ၎င်းတို့နှစ်ဦးကို မိသားစုနှင့် တွေ့ခွင့်မပေးသည့်အပြင်ရုံးထုတ်စစ်ဆေးမည့် နေ့ရက်ကိုလည်း မသိရှိရသေးကြောင်း သိရသည်။
လက်ရှိ မိုးညှင်းမြို့တွင် ကိုဝင်းညီညီထွန်း (ခ) နတ်ဆရာနှင့် ကိုကျော်ကောင်းတို့ နှစ်ဦးအပြင် မေတ္တာမွန်လူမှု့ကူညီရေးအဖွဲ့၀င် ကိုကျော်ခိုင်ဝင်း၊ဇော်မိုဘိုင်းဖုန်းရောင်းဝယ်ရေးကိုမြင့်ဇော်နှင့် အလွတ်တန်းသတင်းထောက် ကိုဗညာနိုင်နှင့် မိုးညှင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌ ကိုဇော်ဇော်လင်းတို့ ဖမ်းဆီးခံရထားရပြီး သဘာဝဘေးဆိုင်ရာ ပုဒ်မ ၂၅ နှင့် စွဲဆိုထားကြောင်းလည်း သိရသည်။
ထို့ပြင် မိုးညှင်းတက္ကသိုလ်နှင့် မိုးညှင်း နည်းပညာအစိုးရတက္ကသိုလ် (GTC) သမဂ္ဂအဖွဲ့ဝင်များကိုလည်း နိူင်ငံတော်အကြည်ညိုပျက်စေမှု့ ပုဒ်မ ၅၀၅ - က ဖြင့် တရားစွဲဆို ဖမ်းဝရမ်းထုတ်ပြန်ထားသည်။
လက်ရှိမိုးညှင်းမြို့တွင် စစ်ကောင်စီက တရားစွဲဆိုဖမ်းဝရမ်းထုတ်ခံရသည့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အချို့သည် ဆန္ဒပြပွဲတွင် လိုက်ပါခြင်းမရှိဘဲ တရားစွဲခံရသူစာရင်းမှာ ပါဝင်နေခြင်းများလည်းရှိကြောင်း မိုးညှင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်သူ ကိုဇော်ဇော်လင်းက ပြောသည်။
Published
Tuesday, March 02, 2021
စစ်ကောင်စီက ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုဖမ်းဆီးထားသည့် လူငယ်နှစ်ဦးပြန်လွှတ်ပေးရန် G-Z အဖွဲ့က ဂီတဖြင့် ငြိမ်းချမ်းစွာတောင်းဆို