လီဆူ အနုပညာရှင်တစ်ဦးဖြစ်သော ယောတီဖာကို အရပ်ဝတ်ဖြင့်လူတစ်စုက ဖေဖော်ဝါရီ ၂၈ ရက် သန်းခေါင်တွင် ဖမ်းဆီးသွားကြောင်း သိရသည်။
၎င်းသည် ပူတာအိုဇာတိဖြစ်ပြီး ယမန်နေ့ည မြစ်ကြီးနား ရမ်ဘိုရပ်ကွက်ရှိ အသိမိတ်ဆွေတစ်ဦး၏ နေအိမ်၌ရှိနေစဉ် အဖမ်းခံရခြင်းဖြစ်သည်ဟု ဆိုသည်။
အရပ်ဝတ်လူတစ်စုနှင့် စစ်ဝတ်စုံဖြင့် စစ်သားက အိမ်အထိ ဝင်ရောက်လာချိန် ယောတီဖာသည် ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း အဖမ်းခံခဲ့ရပြီး၊ နေအိမ်တံခါးများ ချိုးဖျက်ခံရကာ မှတ်ပုံတင် စသည့်ပစ္စည်းများလည်း သိမ်းယူသွားကြောင်း သိရသည်။
“ကျွန်တော်တွေ့လိုက်တာက ကား နှစ်စီး၊ အဖြူရောင် ဟွန်တာဗတ်စ် တစ်စီး၊ နောက်ကားက ဘာလဲဆိုတာတော့ မသိလိုက်ဘူး။ အဖြူရောင်။နောက်ပြီး ဆိုင်ကယ်တစ်စီးပါတယ်။ အဲဆိုင်ကယ်က ရိုးရိုးအရပ်၀တ်ပဲ” ဟု ဖမ်းဆီးသည်ကို မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။
ကချင်ပြည်နယ်ရှိ အနုပညာရှင်များအနက် ယောတီဖာသည် ပထမဆုံး အဖမ်းခံရသူဖြစ်ပြီး ၎င်းအား ဖမ်းဆီးသည့်အကြောင်းရင်းကို မသိသေးသော်လည်း ၎င်းသည် NLD ကို ထောက်ခံသူတစ်ဦးဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ သူငယ်ချင်းတွေ ဝိုင်းဝန်းပြီး သုံးသပ်ကြည့်တာ သူကတော့ NLD ကို လက်ရှိအစိုးရကို အရမ်းထောက်ခံတာ။ စည်းရုံးရေးကာလမှာလည်း သီချင်းတွေရေးစပ်ပေးတယ် ဆိုတယ်။ ဒီကြားထဲမှာလည်း ပူတာအိုမှာ ဆန္ဒပြတဲ့ထဲ ပါဝင်တယ်ထင်တယ်။ အဓိကတော့ အဲဒီအကြောင်းအရာတွေကြောင့်ဖြစ်မယ်လို့ ထင်တယ်” ဟု အမည်မဖော်လိုသူ ၎င်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။
ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သော လူထုဆန္ဒဖော်ထုတ်မှုများနေ့စဉ် ဖြစ်ပေါ်နေပြီး နေ့စဉ် ဖမ်းဆီးခံရမှုများလည်း ရှိနေသည်။
Published
Tuesday, March 02, 2021
လီဆူ အနုပညာရှင်တစ်ဦးကို အရပ်ဝတ်ဖြင့်လူတစ်စုက ဖမ်းဆီးသွား