ကချင်ပြည်နယ် မြို့သုံးခုမှ သပိတ်စစ်ကြောင်းများ အကြမ်းဖက်ဖြိုခွဲခံရခြင်းမရှိခဲ့

ကချင်ပြည်နယ် မြို့သုံးခုမှ သပိတ်စစ်ကြောင်းများ အကြမ်းဖက်ဖြိုခွဲခံရခြင်းမရှိခဲ့
by -
မွန်းမွန်းပန် (MNJ)

ကချင်ပြည်နယ်မိုးညှင်းမြို့၊ ဟိုပင်မြို့နှင့် ဗန်းမော်မြို့တို့တွင် ယနေ့(ဖေဖော်ဝါရီ၂၈ရက်)ပြုလုပ်ခဲ့သည့် သပိတ်များ အကြမ်းဖက်ဖြိုခွဲခံရခြင်းမရှိကြောင်း သိရသည်။

မိုးညှင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် အထွေထွေသပိတ်ကို ပြည်သူထောင်ချီက ငြိမ်းချမ်းစွာ ချီတက်ဆန္ဒထုတ်ဖော်နိုင်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်ရဲတပ်ဖွဲ့ဝင်များက လူဦးရေများစွာဖြင့် ချီတက်လာသော သပိတ်လမ်းကြောင်းများတွင် တားဆီးပိတ် ပင်ခြင်းမရှိဘဲ စောင့်ကြည့်အနေအထားဖြင့်သာ ရှိနေခြင်းကြောင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် ရရှိကြောင်း မိုးညှင်းဒေသခံများမှ သိရသည်။

 

မိုးညှင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်သည့်ဆန္ဒထုတ်ဖော်မှုကို ဖေဖော်ဝါရီလ ၈ ရက်နေ့က စတင်ခဲ့ပြီး

ယနေ့ အထွေထွေသပိတ်နေ့တွင်လည်း လူဦးရေများစွာ ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

အလားတူ ဟိုပင်မြို့တွင်လည်း Milk Tea Alliance အာရှနွေဦးတော်လှန်ရေးအဖြစ် မြို့နှင့် အနီးအနားတစ်ဝိုက်ကျေးရွာမှ လူဦးရေ သိန်းချီ လာရောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ သပိတ်စစ်ကြောင်းကို အထက (၁) ဟိုပင်ရှေ့မှ စတင်ပြီး မြသီတာရပ်ကွက် ၊ ပြည်ထောင်စုလမ်းမကြီးမှ တစ်ဆင့် မြို့မအလယ်ပိုင်းကို ပတ်၍ မူလ စတင်ရာ စုရပ်တွင် လူစုခွဲလိုက်ကြောင်း သိရသည်။

 

ပြည်ထောင်စုလမ်းမကြီး ပေါ် ချီတက်လာစဉ် ပြည်ထောင်စုလမ်းနှင့် ရုံးပေါင်းစုံလမ်းထောင့်တွင် ဟိုပင်ရဲတပ်ဖွဲ့ဝင် ၁၄ ဦးခန့်မှ ၁၄၄ ဥပဒေ ပုဒ်မ ထုတ်ပြန်ထားကြောင်း သတိပေးကြေညာခဲ့သော်လည်း တားဆီး ခြင်းမရှိကြောင်း သိရသည်။

 

ဗန်းမော်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်လာသည့် သပိတ်စစ်ကြောင်းတားဆီးခံရသော်လည်း ညှိနှိုင်းမှုအဆင်ပြေသဖြင့် ငြိမ်းချမ်းစွာ ငြိမ်းချမ်းစွာ ဆက်လက်ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

အဆိုပါသပိတ်စစ်ကြောင်းကို ကနဦးကရဲတပ်ဖွဲ့ဝင်များသည် လူစုခွဲရန်၊ ဆက်လက်ချီတက်ခြင်းမပြုရန် ရဲတပ်ဖွဲ့က လာရောက်တားမြစ်ခဲ့သဖြင့် တစ်နာရီကျော်ကြာ ရဲတပ်ဖွဲ့ နှင့် သပိတ်စစ်ကြောင်းဦးဆောင်သူတို့ ညှိနှိုင်းခဲ့ရပြီး  ရဲတပ်ဖွဲ့က လမ်းပြန်လည်ဖွင့်ပေးခဲ့ကြောင်း သိရသည်။

 

ဗန်းမော်မြို့၌ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒ ပြမှု နှစ်ပတ်ကျော်လာချိန်အထိ လုံခြုံရေးတပ်ဖွဲ့ နှင့် ဆန္ဒပြသူတို့ ပြဿနာဖြစ်ပွါးခြင်းမရှိသေးကြောင်းသိရသည်။

 

ယင်းသို့ ကချင်ပြည်နယ် မြို့နယ်သုံးခုတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနိုင်ခဲ့သော်လည်း မြစ်ကြီးနားမြို့တွင် သပိတ်စစ် ကြောင်း ဖြိုခွဲခံရပြီး ပြည်သူ ၇၀ကျော် ဖမ်းဆီးခံရကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...