တောင်ကုတ်မြို့တွင် ဆန္ဒပြရန်ပြင်ဆင်နေသည့် ALD အဖွဲ့ဝင်တစ်ဦးနှင့် မြို့ခံတစ်ဦး ဖမ်းဆီးခံရ

တောင်ကုတ်မြို့တွင် ဆန္ဒပြရန်ပြင်ဆင်နေသည့် ALD အဖွဲ့ဝင်တစ်ဦးနှင့် မြို့ခံတစ်ဦး ဖမ်းဆီးခံရ
by -
မင်းထွန်း (DMG)

 ၄င်းတို့နှစ်ဦးကို ယနေ့ နံနက် ၉ နာရီကျော်ခန့်က တောင်ကုတ်မြို့ရှိ ဖောင်တော်ဦးဘုရားအနီး အာဏာရှင်စနစ် ကန့်ကွက်ဆန္ဒပြရန်အတွက် လူစုနေစဉ် ရဲဝန်ထမ်းအချို့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ALD ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးမျိုးဆွေက ပြောသည်။

“ကိုကျော်ကျော်လင်းနဲ့ သားသားကြီးကို ဖမ်းသွားတာ။ လမ်းမှာ ကျွန်တော်တို့က ဒီနေ့ လူစတင်ပြီး စုနေတဲ့အချိန်မှာ ဖမ်းသွားတာ။ ဆန္ဒပြဖို့ လုပ်နေတုန်းမှာပေါ့။ ရဲက ဖမ်းသွားတာပါ” ဟု ၎င်းက ပြောသည်။

ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် တောင်ကုတ်ဒေသခံ ၄၀ ခန့်က တောင်ကုတ်မြို့မစျေးရှေ့မှစ၍ “အာဏာရှင်စနစ်ဆန့်ကျင်ကြ”ဟူသည့် ကြွေးကြော်သံများဖြင့်ကာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

၎င်းဆန္ဒပြသူများသည် တောင်ကုတ်မြို့ သိမ်တောင်ဘောလုံးကွင်း လမ်းသို့အရောက်တွင် တပ်မတော်သားများ နှင့် ရဲဝန်ထမ်း စုစုပေါင်း အင်အား ၄၀ ခန့်က ဖြိုခွဲခဲ့သဖြင့် လူစုကွဲသွားခဲ့ကြောင်း တောင်ကုတ်မှ ဦးစိုးသီဟက ပြောသည်။

“စတင်ပြီးထွက်ခွာလာပြီး ၁၀ မိနစ်လောက်အကြာမှာ သိမ်တောင်လမ်းဘက်ကို အရောက်မှာပဲ ရဲနဲ့ စစ်က ဝိုင်းပြီး ဖြိုခွင်းလိုက်တော့ အဲဒီမှာ လူစုကွဲသွားတယ်။ ကိုသားသားကြီးကတော့ ဒေသခံပါပဲ။ သူလည်း ဆန္ဒပြဖို့လုပ်နေကြတာ။ အဲဒီမှာ ဖမ်းသွားတာ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ၄င်းတို့နှစ်ဦးကို တောင်ကုတ်မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရကြောင်း သိရသည်။

တပ်မတော်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တောင်ကုတ်မြို့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၀ ဦးရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

၄င်းတို့မှာ NLD ပါတီမှ ဥက္ကဋ္ဌ ဦးတင်သိန်းအောင်၊ ပါတီဝင် ကိုသန့်ဇင်ဖြိုး၊ ဦးချစ်မောင်မောင်၊ ကိုဇော်ဝင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ တောင်ကုတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်လွင်၊ အတွင်းရေးမှူး ဒေါ်အိသဇင်ကျော်၊ ဒေသခံ ဦးခင်သန်းတို့ ဖြစ်ကြပြီး ယနေ့တွင်  ALD ပါတီမှ ကိုကျော်ကျော်လင်းနှင့် ချောင်းကောက်ရပ်ကွက်မှ ကိုသားသားကြီးတို့ ဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...