ဝိုင်းမော်တွင် ဖမ်းဆီးခံရသည့် ကျောင်းဆရာမတစ်ဦးနှင့် အရပ်သားတစ်ဦးကို မြစ်ကြီးနားအကျဉ်းထောင်သို့ပို့

ဝိုင်းမော်တွင် ဖမ်းဆီးခံရသည့် ကျောင်းဆရာမတစ်ဦးနှင့် အရပ်သားတစ်ဦးကို မြစ်ကြီးနားအကျဉ်းထောင်သို့ပို့
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ယနေ့ (ဖေဖော်ဝါရီ ၂၇ ရက်) ဖမ်းဆီးခံရသည့် ကျောင်းဆရာမတစ်ဦးနှင့် အရပ်သားတစ်ဦးကို မြစ်ကြီးနားအ ကျဉ်းထောင်သို့ ပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။

 

ဖမ်းဆီးခံရသည့် နှစ်ဦးကို မြစ်ကြီးနားထောင်ကြီးသို့မပို့ခင်အတွင်း ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးရုံးအတွင်း ထိန်းသိမ်းထားချိန် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ပြန်လွှတ်ပေးရန် လာရောက်ညှိနှိုင်းမှုများပြုလုပ်ခဲ့သော်လည်း ပြည်နယ်စစ်ကောင်စီကဖွဲ့စည်းထားသည့် စေ့စပ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၏ ညှိနှိုင်းမှုကိုသာ လက်ခံမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ယင်းအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

 

“စဖြစ်ဖြစ်ချင်း ကျွန်တော်တို့လိုက်သွားခဲ့တယ်။ အဲ့ချိန်တုန်းက ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးရုံးမှာဖမ်းထားတယ်။ အဲ့ဒီကိုလိုက်သွားတော့ တွေ့ခွင့်မပေးဘူး။ နောက် PCG ကနေလည်း ရောက်လာပြီးတော့ တာဝန်ရှိသူတွေနဲ့ စကားပြောကြတယ်။ ပြန်လွှတ်ပေးဖို့ပေါ့လေ။ ဒါပေမယ့်လက်မခံခဲ့ဘူး။ သူတို့က ပြည်နယ်စစ်ကောင်စီကနေ ဖွဲ့စည်းထားပေးတဲ့ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ကနေလာပြောမှ လက်ခံတယ်လို့ပြောခဲ့တယ်။ နောက်တော့ ဖမ်းဆီးခံရတဲ့ နှစ်ယောက်ကို ထောင်ကြီးသို့ပြန်ပို့လိုက်တယ်ပေါ့လေ” ဟု ၎င်းကပြောသည်။

 

ယနေ့ ဝိုင်းမော်မြို့ဆန္ဒဖော်ထုတ်စဉ်အတွင်း ဖမ်းဆီးခံရသူနှစ်ဦးသည် လက်ရှိ ဆဒုံးမြို့နယ် မူလတန်းကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော ဆရာမလငန်းလွမ်းနောနှင့် အရပ်သားပြည်သူ ဒေါ်ဇတန်းဇေညွယ်တို့ဖြစ်ကြောင်း သိရသည်။

 

ဝိုင်းမော်မြို့နယ်တွင် စစ်အာဏာရှင်ကိုဆန့်ကျင်သော လူထုဆန္ဒဖော်ထုတ်မှု ရက်ပေါင်း၂၀ ကျော်ကြာပြုလုပ်ပြီးနောက် ပထမအကြိမ် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ့ (ဖေဖော်ဝါရီ ၂၇ ရက်) နံနက် ၉ နာရီခန့်အချိန်တွင် ဆန္ဒဖော်ထုတ်သူများ ပုံမှန်လူစုနေချိန် ရဲနှင့်စစ်သားတွေက အင်အားအများအပြားရောက်လာပြီး လူစုခွဲခိုင်းကာ ဆန္ဒပြပြည်သူများလူစုကွဲနေချိန် ရဲကအတင်းအဓမ္မဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည် မျက်မြင်သက်သေတစ်ဦးက ပြောသည်။

 

“ဆန္ဒပြတဲ့ပြည်သူတွေက သပိတ်စစ်ကြောင်းစထွက်မယ့်နေရာမှာပဲ ရဲက အင်အားနဲ့လာပြီး တားမြစ်တယ်။ အဲတော့ ဆန္ဒပြတဲ့သူတွေက ထိုင်သပိတ်လုပ်နေတယ်။ အဲအချိန်မှာအုပ်ချုပ်ရေးမှူးက ပြန်ပြီးလူစုခွဲခိုင်းတယ်။ ကျမတို့က ၁နာရီအထိပဲ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ပေးပါလို့ ခွင့်တောင်းတယ်။ အဲဒါပြီးရင် ကျမတို့လူစုခွဲမယ်လို့ပြောတယ်။ အဲချိန်မှာ မရဘူးတဲ့ သူတို့က အမိန့်စာနဲ့လာခဲ့တယ်လို့ပြန်ပြောတယ်။ နောက်ဆုံးတော့ လူစုခွဲဖို့ အချက်ပေးပြီး အော်တယ်။ အဲ့အချိန်မှာ ၂ အချက်အထိပဲ အော်ရသေးတယ်။ အားလုံးလူစုခွဲလိုက်တယ်။ လူစုခွဲနေတဲ့အချိန် နှစ်ယောက်ကိုဖမ်းသွားတယ်” ဟု ပြောဆိုသည်။

 

ထိုသို့ ဝိုင်းမော်မြို့အတွင်း ဆန္ဒပြမှုကြောင့် ရဲနှင့်စစ်သားများက လူစုခွဲဖမ်းဆီးမှုတွေ ပြုလုပ်နေသော်လည်း စစ်အာဏာရှင်မလိုလားသည့် ဆန္ဒပြပြည်သူများအနေဖြင့် ရပ်တန့်မည်မဟုတ်ဘဲ ဆက်လက်ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...