တောင်ကြီးမြို့တွင် ရဲတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းခံရသော ကျောင်းသားတစ်ဦး ပြည်သူများ၏ ဝန်းရံမှုကြောင့် ပြန်လည်လွတ်မြောက်လာကြောင်းသိရသည်။
တောင်ကြီးမြို့၊ မြို့မစျေးကြီးရှေ့တွင် ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင့်သည့် လှုပ်ရှားမှုပြုလုပ်နေသော လူငယ်တစ်စုအား ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးဖြိုခွင်းပြီး ဖမ်းဆီးမှုကြောင့် အသက် ၁၆ နှစ်အရွယ် ကျောင်းသားတစ်ဦး ဖမ်းဆီးခံရခြင်းဖြစ်သည်။
“အဖမ်းခံရတဲ့ တစ်ယောက်က ဒုတိယနှစ် ဘူမိဗေဒကျောင်းသားတစ်ဦးပါ သူက ခြေထောက် စတီးချောင်းထည့်ထားရတော့ ခြေထောက်သိပ်မသန်ဘူး ရဲတွေဖမ်းတဲ့ အချိန်အရိုက်ခံသေးတယ်” ဟု ၎င်းကိုသိသော မျက်မြင်သက်သေတစ်ဦးက ပြောသည်။
အဆိုပါဖမ်းဆီးခံရသော ကျောင်းသားပြန်လည်လွတ်မြောက်ရေးအတွက် မြို့ခံပြည်သူများက မြို့မရဲစခန်းရှေ့တွင် လာရောက်ဝန်းရံချိန်တွင် ရဲတပ်ဖွဲ့မှအင်အားသုံး လမ်းများပိတ်ဆို့ခဲ့ပြီး လူစုခွဲရန် သတိပေးခြင်းများ ပြုလုပ်နေသော်လည်း မြို့ခံပြည်သူများမှ ဖမ်းဆီးခံကျောင်းသားပြန်လည်မလွတ်မြောက်လာသ၍ လူစုခွဲ ထွက်ခွာသွားမည်မဟုတ် ကြွေးကြော်နေသောကြောင့် ည ၇ နာရီ ကျော်အထိ အခြေအနေတင်းမာမှုများ ဖြစ်ပွားခဲ့သည်။
“တောင်ကြီးက ကလေးတစ်ယောက် အဖမ်းခံရတဲ့ သတင်းကြားတာနဲ့ ကျွန်တော်တို့ ရွှေညောင်က လူထုတွေ လမ်းပေါ်ထွက်ပြီး လမ်းပိတ်ဆို့ ထားလို့ ဒီနေရာမှာပဲ ပြန်လွှတ်ပေးလိုက်ရပါတယ်” ဟု ရွှေညောင်မြို့ခံတစ်ဦးကပြောသည်။
တောင်ကြီးမြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင့်သည့် လှုပ်ရှားမှုများပြုလုပ်သူများကို ရဲတပ်ဖွဲ့များက ဖမ်းဆီးရာတွင် ရဲစခန်းတွင် မထားတော့ပဲ တောင်လေးလုံး အကျဉ်းထောင်သို့ တိုက်ရိုက်ပို့ ဆောင်နေသောကြောင့် ရွှေညောင်နှင့် ညောင်ရွှေမြို့ရှိ လူထုများမှ တောင်လေးလုံးမရောက်မှီ လမ်းခုလတ်တွင် ပိတ်ဆို့ထားသောကြောင့် အဆိုပါကျောင်းသားညတွင်းချင်း ပြန်လည်လွတ်မြောက်လာကြောင်းစုံစမ်းသိရသည်။