“အခုအခြေအနေက ပါတီရဲ့ပုံရိပ်က တစ်ခါတည်း မြောင်းထဲကို ထိုးကျသွားတဲ့သဘောမျိုး ကျွန်တော်တို့ကမြင်တယ်”

“အခုအခြေအနေက ပါတီရဲ့ပုံရိပ်က တစ်ခါတည်း မြောင်းထဲကို ထိုးကျသွားတဲ့သဘောမျိုး ကျွန်တော်တို့ကမြင်တယ်”

မွန်ညီညွတ်ရေးပါတီ အတွင်းရေးမှူး (၃) နိုင်စိုးမြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း

လက်ရှိအာဏာပိုင်ဖြစ်နေသည့် တပ်မတော်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် မွန်ညီညွတ်ရေးပါတီက တစ်နေရာ တာဝန်ယူပေးရေး ကမ်းလှမ်းချက် လက်ခံထားခြင်းအပေါ် ပါတီတွင်း သဘောထားအမြင် မတူညီမှုရှိနေကြောင်း သိရသည်။

မွန်ညီညွတ်ရေးပါတီအကြီးအကဲပိုင်းမှ လက်မခံသူအချို့က မဟာမိတ်ဖြစ်သော မွန်ပြည်သစ်ပါတီကို ဖေဖော်ဝါရီ ၁၃ တွင် ရေးမြို့နယ်သို့ သွားရောက်တွေ့ဆုံဆွေးနွေးမှု ပြုခဲ့ကြောင်းလည်း ကြားသိရပါသည်။ ယင်းတွေ့ ဆုံမှုနောက်ပိုင်း အခြေအနေကို သိနိုင်ရန် ဟင်္သာမီဒီယာက ယခုလိုတွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး - မွန်ညီညွတ်ရေးပါတီနှင့် မွန်ပြည်သစ်ပါတီ တွေ့ဆုံမှုနောက်ပိုင်းမှာ ဘာတွေ ထူးခြားမှုရှိလာပါသလဲ။

နိုင်စိုးမြင့် - မွန်ညီညွတ်ရေးပါတီအနေနဲ့ ကျွန်တော်တို့က သွားတာမဟုတ်ဘူး။ ကျွန်တော်တို့ ဒီ နေ့  မွန်ညီ ညွတ်ရေးပါတီရဲ့ CEC ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်တဲ့သူအနေနဲ့ ကျွန်တော်တို့ ၁၄ ယောက် သွားတွေ့ တာပါ။ ကန့်ကွက်တဲ့ အခြမ်းဘက်ကပေါ့။ သွားတော့ ဥက္ကဌ နိုင်ဟံသာက လက်ခံတွေ့တာပေါ့။ သူ့ CEC တွေရောပေါ့လေ။ သူတို့ဆီမှာ သဘောထားက သူတို့လည်း ကြေညာချက် ထုတ်တယ်၊ တပ်မတော် အာဏာ သိမ်းတဲ့အပေါ်မှာ လက်မခံဘူးပေါ့။ ဒါ သူတို့ မူ တစ်ချက်ပေါ့။

ကျွန်တော်တို့ MUP ပါတီရဲ့ ကိစ္စမှာတော့ MUP ကိုယ်စားလှယ်အနေနဲ့ (တပ်ရဲ့) စီမံအုပ်ချုပ်ရေးကောင်စီမှာ တာဝန်ယူတာ မဖြစ်သင့်ဘူးပေါ့။ MUP နဲ့ မဟုတ်ဘဲနဲ့ တခြားသော ပြင်ပက မွန် တစ်ဦးတစ်ယောက်အနေနဲ့ တာဝန်ယူတာ သူတို့က မပြောလိုဘူး၊ လက်ခံတဲ့သဘော။ အဲဒီတော့ ကျွန်တော်တို့ MUP မှာ လက်ရှိ အမြင် နှစ်ခုပေါ့။ တစ်ခုက စီမံအုပ်ချုပ်ရေးကောင်စီမှာ တာဝန်ယူတဲ့အပေါ်မှာ လက်ခံတဲ့ CEC တွေက တပိုင်း၊ လက်မခံတဲ့ CEC တွေက တပိုင်း၊ အဲဒီလိုမျိုး ဖြစ်နေတဲ့အပေါ်မှာ ဗဟိုကော်မတီအစည်းအဝေး ခေါ်ပြီးတော့ ညှိနှိုင်းစေချင်တယ်ပေါ့။ ညှိနှိုင်းပြီးတော့ ဆွေးနွေးတိုင်ပင်ကြပေါ့။ အဲဒီသဘောကို သူတို့(မွန်ပြည်သစ်ပါတီ) က တိုက်တွန်းတယ်ပေါ့။

မေး - မွန်ညီညွတ်ရေးပါတီ အရေးပေါ်အစည်းအဝေးကလည်း ရက်က ရွှေ့ဆိုင်းထားတယ်။ ဘယ်နေ့ ဘယ် ရက်မှာ ဆိုတာလည်း ရက်က မသေချာသေးဘူး။ တကယ်လို့ အရင်တုန်းကတည်းက နိုင်စိုးမြင့်တို့အနေနဲ့ ပြောထားတာ ရှိတယ်လေ၊ အရေးပေါ်အစည်းအဝေးမှာတော့ ဒီ ကောင်စီဝင်အနေနဲ့ လက်ခံတာကို ကန့် ကွက်သွားဖို့ရာ တင်သွင်းဖို့ရှိတယ်၊ အခုရော အဲဒီအတိုင်းပဲလား၊ နောက်ထပ် ဘာတွေ တိုးလာတာ ရှိမလဲ၊ ဘာတွေ လျော့သွားတာ ရှိမလဲပေါ့။ စဉ်းစားချက် အသစ်တွေများ ထပ်တိုးလာသေးလားပေါ့။

နိုင်စိုးမြင့် - အခုဟာကတော့ အခြေခံမူအရတော့ သူတို့ ဆုံးဖြတ်ထားတာကို MUP ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အနေနဲ့လည်း ဆန့်ကျင်တယ်ပေါ့။ MUP ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ အပိုဒ် (ဆ)မှာ အာဏာရှင်စနစ်၊ ဗမာလူမျိုးကြီးဝါဒ၊ ဒါကို တွန်းလှန်နေရမယ်။ အဲဒီဆုံးဖြတ်ချက် ပြဌာန်းထားတာ ရှိတယ်ပေါ့။ အဲဒီအချက်အ ပေါ်မှာပဲ ကျွန်တော်တို့ ခိုင်ခိုင်မာမာ ပြန် ရပ်တည်ပြီးတော့ ဆွေးနွေးသွားမှာပေါ့၊ လာမယ့် ဗဟိုကော်မတီ အစည်းအဝေးမှာ။ အဲဒီသဘောမျိုး ရှိတယ်ပေါ့။ CEC ရဲ့ ပြီးခဲ့တဲ့ ၆ ရက်နေ့ အစည်းအဝေးမှာလည်းပဲ အမြင်က နှစ်ခုမကဘူး ဖြစ်နေတယ်။ တစ်ခုကတော့ စီမံအုပ်ချုပ်ရေးမှာ ကိုယ်စားလှယ်ထားပြီးတော့၊ ဒါက အများစုအမြင်ပေါ့။ နောက်တစ်ခုက မထားသင့်ဘူးပေါ့။

ထိုနည်းတူ တခြားသော တစ်ခုက စီမံအုပ်ချုပ်ရေးကောင်စီမှာ မထားဘူးဆိုရင် ထားတဲ့သူကလည်း ပါတီက မဖြစ်သင့်ဘူးပေါ့၊ အဲဒီအမြင်ပေါ့။ ထားတော့ ထားတယ်၊ ပါတီက မဖြစ်သင့်ဘူးပေါ့။ အဲဒီသဘောမျိုး။

ဒီအမြင်ကို အစည်းအဝေးမှာ သူတို့က ယူလိုက်တယ်ပေါ့။ ထားတော့ ထားမယ်ဆိုကတည်းက သူတို့ဘက် ပါတယ်ဆိုပြီးတော့ အဲဒီလို တွက်လိုက်တော့ ၂၆ ဦး ဖြစ်သွားတယ်လို့ ပြောရမယ်၊ အဲဒီလူတွေလည်း ဒီ အပေါ်မှာ လက်မခံဘူး၊ အခု ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးတဲ့အခါ သူတို့ လက်မခံဘူးပေါ့လေ။  အဲဒီမှာ ကျွန်တော်တို့ဘက် ရပ်တည်နိုင်ဖို့၊ အဲဒီလို ပြောကြတယ်ပေါ့၊ သူတို့နဲ့ ဆွေးနွေးတာပေါ့။

မေး - ဘယ်နေ့မှန်း မသိသေးတဲ့ အရေးပေါ်အစည်းအဝေးမှာလည်း အဲဒီကိစ္စမှာ တကယ်လို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှာ တာဝန်ယူတဲ့သူဟာ မွန်ညီညွတ်ရေးပါတီကနေ နုတ်ထွက်ပေးရမယ်ဆိုတဲ့ ဆုံးဖြတ် နိုင်ဖို့မျိုးရော ထည့်သွင်းပြီးတော့ ဆွေးနွေးသွားဖို့ ရှိပါသလား။

နိုင်စိုးမြင့် - ကျွန်တော်တို့ ပထမအစည်းအဝေးကတော့ မူဝါဒရေးရာနဲ့ပတ်သက်ပြီးတော့ တင်ပြ ဆွေးနွေးမှာ ပေါ့၊ မူဝါဒဆိုတာ ပါတီညီလာခံကနေပြီးတော့ ဆုံးဖြတ်ချက်ချထားတဲ့အပေါ်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံရေး ရာလည်း ဖြစ်တာကိုး၊ အဲဒီ အချက်ကို ကျွန်တော်တို့ အရင် တင်ပြမှာပေါ့နော်။ ဒီအဆိုကို တင်ပြတဲ့နေရာမှာ သူတို့က နောက်ဆုံး မကျေလည်လို့ရှိရင်လည်း ဆုံးဖြတ်နိုင်မှာပေါ့။

ဒါပေမဲ့ ဒုတိယက၊အမှန်မှာတော့ ညီလာခံတစ်ခုမှာ ချထားတဲ့ ဆုံးဖြတ်ချက်တွေ၊ လက်ရှိရေးဆွဲထားတဲ့ ဥပဒေတွေ၊ ကျွန်တော်တို့ CEC တွေကရော ဗဟိုကော်မတီအစည်းအဝေးတွေမှာ ပယ်ဖျက်ပိုင်ခွင့် မရှိဘူး၊ ဒါကို ပယ်ဖျက်ချင်သပဆိုရင် ညီလာခံခေါ်၊ ညီလာခံခေါ်ပြီးတော့ အာဏာရှင်စနစ်နဲ့ ပေါင်းမယ်၊ ဗမာလူမျိုးကြီးဝါဒကို ထောက်ခံတယ်ဆိုတဲ့ အမြင်ကို ပြန်တင်ရတယ်။ အဲဒီဟာ အတည်ဖြစ်တော့မှပဲ ဒါက ပြောင်းလဲနိုင်တယ်၊ ဒါက ပါတီရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ရှိတယ်ပေါ့၊ အဲဒါကို ကျွန်တော်တို့က ပြန်ဆွေးနွေးမယ်ပေါ့၊ ဒါ တစ်ခု။

နောက်တစ်ခု တကယ်လို့ သူတို့ သွားခဲ့ရင်လည်းပဲ ပို့ခဲ့ရင်လည်းပဲ ပါတီက အတွင်းလူ မဟုတ်ဘဲနဲ့ တခြားသော ပြင်ပလူပေါ့၊ အဲဒီသဘောမျိုး ဖြစ်သင့်တာကို ကျွန်တော်တို့က ဆက်ဆွေးနွေး၊ ဆက် တင်ပြမှာပေါ့။ ဒါ ဒုတိယ တစ်ချက် ဖြစ်တာပေါ့။

မေး - အရေးပေါ်အစည်းအဝေး ခေါ်ဖို့ကရော ခု ဘယ်အဆင့်ရောက်နေပါပြီလဲ။

နိုင်စိုးမြင့် - အရေးပေါ်အစည်းအဝေးက ပထမ ကျွန်တော်တို့ ၈ ရက်နေ့က တောင်းဆိုတယ်။ ၆ ရက်နေ့ CEC ပြီးတော့ တောင်းဆိုထားတယ်၊ ၁၅ ဦး ရှိတာပေါ့။ ကျွန်တော်တို့ (အစည်းအဝေးခေါ်ပေးဖို့) တင်ထားတယ်။ အဲဒါကို ၁၂ ရက်နေ့မှာ လုပ်ဖို့ ဆုံးဖြတ်တယ်။ ဆုံးဖြတ်တာကို ၁၁ ရက်နေ့မှာ ဥက္ကဌအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ရွှေ့ဆိုင်းလိုက်တယ် ပြောတယ်။ သူတို့က လိုင်းပေါ်တင်ပြီးတော့ ဒါကို ဥက္ကဌအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ မလုပ်သင့်သေးဘူးလို့ သူတို့က ပြန် ဆုံးဖြတ်တယ်။

(၁)က ကိုဗစ်ကိစ္စ၊ (၂)က ပုဒ်မ ၁၄၄ ကိစ္စတွေကြောင့် မကိုက်ညီဘူးပေါ့၊ အဲဒါကြောင့် ရက်ရွှေ့လိုက်တယ်ပေါ့။ ဘယ်နေ့ ဘယ်ရက်ထိ ရွှေ့တယ်ဆိုတာ မဖော်ပြဘူး။ အဲဒါကြောင့် ရက်က အကန့်အသတ်မရှိလို့ပဲ ထင်ရမ လား၊ အဲဒီလို မြင်တာပေါ့နော်။ ကျွန်တော်တို့မှာ အခက်တွေ့နေတာပေါ့။ ဗဟိုကော်မတီအစည်းအဝေးမှာ အများစု ဆွေးနွေးတာ ပိုပြီးတော့ ရှင်းလင်းတာပေါ့လေ။ ကျွန်တော်တို့ လက်ရှိ CEC ဆုံးဖြတ်ချက် သည်  ဗဟိုကော်မတီ ဆုံးဖြတ်ချက်ရဲ့ လက်အောက်ခံဖြစ်တယ်ပေါ့လေ၊ ဒါ ပါတီတစ်ခုမှာ ထုံးစံ။

CC ဆုံးဖြတ်ချက် မကျခင်အထိ CEC ဆုံးဖြတ်ချက်ကို အတည်မဖြစ်သေးဘူးဆိုတာ ကျွန်တော်တို့က တားဆီးထားတာပေါ့။  ဒါပေမဲ့ သူတို့ကတော့ သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေးကောင်စီကိုတော့ သတင်းပို့ထား ပြီးပြီလို့ ပြောတာပေါ့။

မေး - ခုလောလောဆယ်မှာတော့ မွန်ညီညွတ်ရေးပါတီအနေနဲ့ ဘယ်လိုမျိုး ဆုံးဖြတ်မလဲ၊ဘယ်လိုတွေ လာဦးမလဲဆိုတာ စောင့်ကြည့်နေတဲ့ မွန်လူထုကလည်း ရှိနေတယ်၊ ကြည့်လည်း စောင့်ကြည့်နေကြတယ်၊ ‘ဘယ်လို ဆုံးဖြတ်ကြဦးမှာလဲ၊ ပြင်မှာနဲ့ တူပါရဲ့’ဆိုပြီးတော့ မျှော်လင့်နေတာတွေလည်း ရှိနေတယ်ပေါ့။ ဒါတွေကိုရော မွန်ညီညွတ်ရေးပါတီအနေနဲ့ ဘာပြောချင်ပါသေးလဲ။

နိုင်စိုးမြင့် - အခု အခြေအနေက ပါတီရဲ့ Image က တစ်ခါတည်း မြောင်းထဲကို ထိုးကျသွားတဲ့သဘောမျိုး ကျွန်တော်တို့က မြင်တယ်။ မြို့နယ်ပေါင်းများစွာကလည်းပဲ ကန့်ကွက်ကြတယ်၊ CEC ရဲ့ ဆုံးဖြတ်ချက်က မှားနေတယ်၊ မမှန်ဘူးဆိုတာ ပြောပြတယ်။ တချို့သော မြို့နယ်ဆိုရင် ဒီကနေ နုတ်ထွက်ကြတယ်ပေါ့၊ အဲဒီလောက်ထိ ဖြစ်နေတော့ ပါတီမှာ ဒါတွေက ကိုယ့်ရဲ့ မွန်ညီညွတ်ရေးပါတီရဲ့ပုံရိပ်က အရမ်းကို ထိုးကျသွားပြီ။ ပါတီရဲ့ စည်းလုံးညီညွတ်မှုက အရေးကြီးတယ်၊ အမှန်ကန်ဆုံး ပြန်ချမှတ်နိုင်ဖို့ ဗဟိုကော်မတီ အစည်းအဝေးခေါ်ဖို့ ကျွန်တော်တို့ဘက်က တင်ပြတာပေါ့။ လက်ရှိအနေအထားကတော့ မြို့နယ်တွေမှာ အများစုပေါ့နော်၊ လက်မခံကြဘူး။ ကျွန်တော်တို့ သိရတဲ့ အချက်အလက်တွေပေါ့လေ။ ဒါပေမဲ့ သူတို့က လည်းပဲ လက်ရှိ မြို့နယ်တွေဆင်း၊ ရှင်းလင်းရေးတွေလုပ်၊ အဲဒီလို သဘောမျိုး ရှိတယ်။

မေး - သူတို့ဆိုတာ ဘယ်သူတွေကို ရည်ညွှန်းပြောဆိုနေတာပါလဲ။

နိုင်စိုးမြင့် - သူတို့ဆိုတာ ထောက်ခံသူတွေ၊ ဥက္ကဌနဲ့ နိုင်လယိတမတို့ နိုင်တလညီတို့က အဲဒီလို ဆင်းပြီးတော့ မွန်ညီညွတ်ရေးပါတီ မြို့နယ်ပါတီတွေကို ခေါ်ပြီးတော့ ရှင်းပြတာ ရှိတယ်။ ဒါ သူတို့ ရှင်းပြတာကတော့ ကျွန်တော်တို့ဘက်ကလည်း မပါဘူးဆိုတာ ပြောဖို့လို့ ခက်တာပေါ့နော်၊ ထောက်ခံတယ်ပြောတယ်၊ ကျွန် တော်တို့တချို့ မေးကြည့်တော့ပေါ့လေ။ မထောက်ခံဘူးလို့ ပြောတယ်။

နောက်ပြီးတော့ မနေ့တနေ့ကပေါ့၊ ကမာဝက်မြို့ ပါတီကနေ ဆုံးဖြတ်ချက်တွေ တင်တယ်၊ သူတို့ လက်မခံတဲ့ အကြောင်းတွေ။ သူတို့ သွားပြီးတော့ ဆွေးနွေးမယ်ပြောတယ်၊ ကမာဝက်က ဆွေးနွေးစရာ မရှိဘူး၊ လက်ခံဘူးပေါ့လေ၊ အစည်းအဝေးတွေ မလုပ်တော့ဘူး၊ ကမာဝက်မြို့က အဲဒီပုံစံ ရှိတယ်။

မေး - ဘာပဲပြောနေပြောနေ လက်ရှိအနေအထားမှာတော့ ဘယ်နေ့ ဘယ်ရက်မှာ ကျင်းပမယ်မှန်း မသိသေး တဲ့အရေးပေါ် အစည်းအဝေးက မွန်ညီညွတ်ရေးပါတီရဲ့ အနာဂတ်ကို ပြဌာန်းပေးမယ့် အနေအထားမျိုးကို ရောက်နေတယ်လို့ ပြောလို့ ရနိုင်ပါမလား။

နိုင်စိုးမြင့် - အေးပေါ့လေ၊ မွန်ညီညွတ်ရေးပါတီရဲ့ ကံကြမ္မာက ဗဟိုကော်မတီအစည်းအဝေး ခေါ်ပေးဖို့ ကျွန်တော်တို့က တောင်းဆိုပေမဲ့ သူတို့ က မခေါ်ဆိုနိုင်တဲ့ အပေါ်မှာ ပါတီရဲ့ အမြင်နှစ်ရပ်ရယ် ပဋိပက္ခဟန် ပိုပြီးတော့ ကြီးမားလာတယ်၊ ရင့်မာလာတယ်လို့ ပြောလို့ ရတာပေါ့။ ဒါပေမဲ့ ဒါတွေက ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူးပေါ့။ ပါတီတစ်ခုမှာ ညီညွတ်ရေးဆိုတာ အရေးကြီးတာကိုး။ လိုအပ်တဲ့ အချိန်မှာ အစည်းအဝေး တွေခေါ်၊ တတ်နိုင်သလောက် ခေါ်၊ တိုင်ပင်၊ အဲဒီသဘောမျိုး ရှိတာကိုး၊ အခုဟာက သူတို့ မခေါ်တော့ ပါတီ မှာ ကျွန်တော်တို့ စောင့်ထိန်းထားတဲ့ အခြေအနေတွေ ပါတီအောက်ခြေကို မချပြနိုင်ဘူး။ အဲဒါ အယူအဆ တွေ၊ မှန်တယ်၊ မှားတယ် ဆိုတာ အောက်ခြေက မသိတော့ သူတို့သဘောနဲ့ သူတို့ နုတ်ထွက်၊ သူတို့သဘောနဲ့ ဆန့်ကျင်တာတွေ အများကြီး ဖြစ်လာတာပေါ့။ ဒါလည်း ကောင်းတဲ့ လက္ခဏာတော့မဟုတ်ဘူးပေါ့။

မေး - ဖြည့်စွက်ပြောလိုတာ ရှိရင် ပြောကြားပေးပါဦး။

နိုင်စိုးမြင့် - အခု လက်ရှိအနေအထားကတော့ ပါတီ CEC ရဲ့ ဆုံးဖြတ်ချက်ပဲ ချထားတာပဲ ရှိတာပေါ့၊ ဒါ ၆ ရက်နေ့ကတည်းက။ ဗဟိုကော်မတီအစည်းအဝေး မခေါ်နိုင်တဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့ ဒါ သူတို့က မခေါ်တော့ ဘာမှလည်း မတတ်နိုင်ဘူးလို ဖြစ်နေတာပေါ့လေ၊ အတတ်နိုင်ဆုံး ကျွန်တော်တို့က စာတော့ အခု တင်ထားတာပေါ့။ မြို့နယ်တွေကိုလည်း ကျွန်တော်တို့ မရှင်းပြနိုင်ဘူး။ အဲဒီအခြေအနေတွေလည်း အခက်အခဲ ရှိတာပေါ့။ မြို့နယ်တွေကလည်း ဖြစ်ချင်သလို ဖြစ်တဲ့အပေါ်မှာ ဒါ မွန်ညီညွတ်ရေးပါတီရဲ့ အလားအလာတော့ သိပ်တော့ မကောင်းဘူးပေါ့ဗျာ။ အဲဒီသဘောမျိုးပေါ့။ ပုံရိပ် အတော်လေး ကျဆင်းနေတယ်။

တစ်နိုင်ငံလုံး တစ်တိုင်းပြည်လုံး ဒီနေ့ ဆန္ဒပြမှုတွေ ခင်ဗျားတို့ တွေ့နေကြမှာပဲ၊ အခု ဒီအချိန်မှာမှ အာဏာသိမ်းတပ်မတော်နဲ့ ပူးပေါင်းတယ်ဆိုတာ တော်တော်လေး စဉ်းစားလို့မရ ဖြစ်တာပေါ့လေ။

သူတို့ကတော့ အာဏာသိမ်းတဲ့ အစိုးရနဲ့ ပူးပေါင်းတယ်ဆိုတာ မွန်အမျိုးသားတွေရဲ့ အခွင့်အရေး ရနိုင်တယ်ဆိုတာ ပြောတာပေါ့၊ ဒါတွေက အနှစ် ၇၀ ကျော် ကျွန်တော်တို့ တိုက်ပွဲဝင်လာတဲ့ တလျှောက် လုံးမှာ မဖြစ်နိုင်ဘူးလို့ပဲ ကျွန်တော်တို့က မြင်တာပေါ့။ လက်ရှိ တပ်မတော်ရဲ့ အာဏာသိမ်းထားတဲ့အပေါ်မှာ၊ လက်ရှိ ပစ္စက္ခ လူထုအုံကြွမှုတွေအပေါ်မှာ သူတို့ ယာယီဖြတ်သန်းကျော်လွှားနိုင်ဖို့ ပါတီတိုင်းကို ခေါ်တာပါ။ ကျွန်တော်တို့ ခု သိသလောက်ပေါ့နော်။

ဥပမာ ကရင်ပါတီကဆိုလည်း ပါမယ်၊ ပါတီက ဒါကို သူတို့က လက်မခံတာပေါ့၊ သွားတဲ့သူကလည်း သွားချင် သပဆို သူတို့ ပါတီက နုတ်ထွက်၊ ထုတ်ပယ်တာပေါ့။ ကယားကလည်း ဒီအတိုင်းပါပဲ။ ဒု ဥက္ကဌက သွားတယ်၊ ပါတီက ထုတ်ပစ်တာပဲ ရှိတယ်။ မပူးပေါင်းဘူး၊ ဒါ သူတို့ ထုတ်ပယ်လိုက်တယ်၊ ထိုနည်းတူ ပြီးခဲ့တဲ့ ၃ ရက်က ဒေါက်တာတူးဂျာတို့ကို မေးတယ်။ သူတို့ဆီမှာ လက်မခံဘူး၊ အာဏာသိမ်းတာကို သူတို့က ရှုတ်ချတယ်။ အာဏာသိမ်းအဖွဲ့နဲ့ တာဝန်ယူဖို့ ဆိုတာလည်း သူတို့ဆီမှာ ဆုံးဖြတ်ချက်မရှိဘူးပေါ့၊ အဲဒီလို ပြောတယ်။ ထိုနည်းတူ ချင်းလည်း ဒီအတိုင်းပေါ့။

ရှမ်းတို့ဆိုလည်း SNLD တို့ဆိုလည်း သူတို့ ရှင်းရှင်းလေးထုတ်ပြန်ထားပြီးသားပဲလေ။ မပူးပေါင်းဘူး၊ ဆန့်ကျင်တယ်။ အဲဒီတော့ အခု ပါတဲ့ ချင်းတွေ၊ ကချင်တွေက သူတို့ တခါတုန်းက ပြည်ခိုင်ဖြိုးဘက်မှာ ပါတဲ့ ပုဂ္ဂိုလ်တွေကို ဆွဲသွင်းတယ်လို့ သိရတာပေါ့လေ။ မေးကြည့်တော့ အချက်အလက်အရတော့ ဘာကိုမှ ကိုယ်စားမပြုဘူးပေါ့၊ ပါတီလည်း ကိုယ်စားမပြုဘူး၊ တိုင်းရင်းသားလူမျိုးတစ်မျိုးကိုလည်း ကိုယ်စားမပြုဘူး ဆိုတဲ့ သဘောရှိတယ်။

အဲဒါမှ ကျွန်တော်တို့ပါတီက ဒါကို လက်ခံတယ်ဆိုတာ ကျွန်တော်တို့ကတော့ ကိုယ့်ပါတီ ရှေ့ရေးအတွက် ပေါ့လေ၊ အတတ်နိုင်ဆုံး ဒီနေ့ ကန့်ကွက်တယ်၊ ပါတီတွင်းမှာ။ လက်ရှိ တတ်နိုင်သလောက်ကို ကျွန်တော် တို့က ချပြရမှာပေါ့။

ပါတီမပြိုကွဲရေးက အဓိကကျတယ်လို့ ပြောတဲ့အပေါ်မှာ ကျွန်တော်တို့လည်း ဆက် ထိန်းနေတာပေါ့။

ခုလို ဖြေကြားပေးတဲ့ ကျေးဇူးတင်ပါတယ်။

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...