ဗဟိုကော်မတီအစည်းအဝေး အမြန်ဆုံးခေါ်ယူပေးရန် MUP ပါတီတွင်း အရေးဆိုမည်

ဗဟိုကော်မတီအစည်းအဝေး အမြန်ဆုံးခေါ်ယူပေးရန် MUP ပါတီတွင်း အရေးဆိုမည်

မွန်ညီညွတ်ရေးပါတီ (MUP) ဗဟိုကော်မတီအစည်းအဝေးကို အမြန်ဆုံးခေါ်ယူပေးရန် ပါတီတာဝန်ရှိသူ အဆင့်ဆင့်သို့ တင်ပြအရေးဆိုသွားမည်ဖြစ်ကြောင်း MUP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမင်းစိုးလင်းက ပြောသည်။

 

MUP ပါတီတွင်း လတ်တလောဖွဲ့စည်းလိုက်သည့် "ဗဟိုကော်မတီအစည်းအဝေးခေါ်ယူပေးရန် တင်ပြတောင်းဆိုရေးအဖွဲ့" အစည်းအဝေးအပြီးတွင် ဒေါက်တာမင်းစိုးလင်းက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

 

ယင်းအစည်းအဝေးကို မော်လမြိုင်မြို့ မြို့ရှောင်လမ်းရှိ တော်ဝင်ဟင်္သာဟိုတယ်တွင် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ်ပိုင်းက ကျင်းပခဲ့ရာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၂ ဦး၊ ဗဟိုကော်မတီဝင် ၁၅ ဦးတို့ တက်ရောက်ကြကြောင်း ၎င်းက ဆိုသည်။

 

“ဒီနေ့ (ဖေဖော်ဝါရီ ၂၅) အစည်းအဝေးက ကျွန်တော်တို့က MUP ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ဖို့ တောင်းဆိုဖို့ အစည်းအဝေးလုပ်တာပေါ့နော်။ အစည်းအဝေးလုပ်တော့ တက်ရောက်လာတဲ့ CEC က ၁၂ ယောက်၊ CC က ၁၅ ယောက်ပေါ့၊ ကျန်တဲ့သူတွေနဲ့ ကျွန်တော်တို့ အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့လိုက်တယ်၊ ‘MUP ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေး ခေါ်ယူရေးအဖွဲ့’ပေါ့။ အဓိကကတော့ ကျွန်တော်တို့ အစည်းအဝေးခေါ်ဖို့ ကိစ္စပဲ။  ပါတီကလည်း ၃ လပိုင်းမှာ အစည်းအဝေးခေါ်ပေးမယ်လို့တော့ ပြောတယ်။ ပြီးရင် ကြားထဲမှာ ပါတီဝင်တွေ တော်တော်များများ ဆိုင်းဘုတ်ဖြုတ်တာတို့၊ ပါတီဝင် နုတ်ထွက်တာတို့ အဲဒါတွေ မဖြစ်အောင် ကျွန်တော်တို့အနေနဲ့ မြို့နယ်ပါတီ ကော်မတီဝင်တွေနဲ့ တွေ့ပြီးတော့ ဒီနေ့ အစည်းအဝေး ဆုံးဖြတ်ချက် ချပါတယ်၊ အစည်းအဝေးဆုံးဖြတ်ချက် ခြောက်ချက် ချမှတ်နိုင်ခဲ့ပါတယ်” ဟု ဒေါက်တာမင်းစိုးလင်းက ပြောသည်။

 

လက်ရှိ အာဏာပိုင်အဖွဲ့အစည်းက ဖွဲ့စည်းထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် MUP က တစ်နေရာ ပူးပေါင်းပါဝင်လျက် တာဝန်ယူပေးရန် ကမ်းလှမ်းချက်ကို လက်ခံထားခြင်းကိစ္စနှင့်ပတ်သက်၍ ပါတီတွင်း သဘောထားမတူညီမှုများ ရှိနေကြောင်း ပါတီအကြီးအကဲပိုင်းထံမှ သိရသည်။ ယင်းဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီ ပထမပတ်က ပြုလုပ်ခဲ့သော CEC အစည်းအဝေးတွင် ကန့်ကွက်သူ ၁၀ ဦးကျော် ရှိခဲ့သော်ငြား ချမှတ်ခဲ့ခြင်း ဖြစ်သည်။ 

 

MUP မှာ ယင်း ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း မဲဆန္ဒရှင်များ၊ နိုင်ငံရေးလေ့လာသုံးသပ် သူများအကြား ဝေဖန်ရှုတ်ချမှုများ ပြင်းထန်စွာ ကြုံတွေ့ခဲ့ရသလို လက်ရှိအာဏာပိုင်တို့ကို မလိုလားသူ ပါတီဝင်အချို့ နုတ်ထွက်ခြင်းများလည်း ရှိလာခဲ့သည်။

 

ဆုံးဖြတ်ချက်ကို မူလကတည်းက ကန့်ကွက်ခဲ့သူ CEC တို့ဘက်က အရေးပေါ်အစည်းအဝေး ခေါ်ယူပေးရန် အပူတပြင်း တိုက်တွန်းတောင်းဆိုမှုများ ပြုခဲ့ကြသလို ပါတီတွင်း သဘောထား ကွဲလွဲမှု ကြီးမားကျယ်ပြန့်လာမည့် အရေး စိုးရိမ်ချက်လည်း မြင့်မားခဲ့ကြကြောင်း ပါတီအကြီးအကဲပိုင်းမှ တစ်ဦးက ဟင်္သာမီဒီယာနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုထားသည်။

 

လက်ရှိ အာဏာပိုင်နှင့် ပူးပေါင်းရေး မလိုလားသည့် CEC တို့က အရေးပေါ်အစည်းအဝေးခေါ်ယူပေးရန် တောင်းဆိုချက်အပေါ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ခေါ်ယူမည်ဟု မူလက ပြောဆိုခဲ့သော်လည်း အစီအစဉ်ပျက်သွား ခဲ့သည်။

 

သို့ဖြစ်ရာ ဗဟိုကော်မတီအစည်းအဝေးကို အမြန်ဆုံး ခေါ်ယူကျင်းပပေးပြီး ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုလားထက်သန်နေကြခြင်းလည်း ဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...