ချင်းပြည်နယ် ဟားခါးမြို့တွင် အစိုးရဝန်ထမ်းအင်အား ၃၀၀၀ ဝန်းကျင်ရှိသည့်အနက် ဝန်ထမ်း ၁၉၂၈ ဦး CDM လှုပ်ရှားမှုတွင် ပါဝင်ကြကြောင်း CDM Supporting Hakha မှထုတ်ပြန်သည့် စာရင်းအရ သိရသည်။
“ဟားခါးမှာက ဝန်ထမ်းအင်အား ၃၀၀၀ ဝန်းကျင် ရှိမယ်ထင်တယ်၊ အတိအကျတော့ ပြောလို့မရဘူး၊ ဘာလို့လဲဆိုရင် ခန့်အပ်နဲ့ အင်အားပြ စာရင်းကမတူဘူး၊ ၃၀၀၀ ဝန်းကျင်တော့ရှိမယ်၊ အခုက ၁၉၀၀ ကျော် CDM ပါဝင်ပြီဆိုတော့ သုံးပုံနှစ်ပုံ နိုင်သွားပြီလို့ ပြောလို့ရတယ်၊ ခုလည်းဆက်ကောက်နေတယ်၊ ၂၅၀၀ ဝန်းကျင်ထိတော့ ကျမတို့မှန်းထားတယ်” ဟု CDM Supporting Hakha တွင် ပါဝင်ဆောင်ရွက်နေသူတစ်ဦးမှ ပြောသည်။
CDM Supporting Hakha ၏ ထုတ်ပြန်ချက်အရ CDM လှုပ်ရှားမှုတွင် ပညာရေးဌာနမှ ဝန်ထမ်းအင်အား ၄၅၈ ဦးဖြင့် အများဆုံးပါဝင်ပြီး ဒုတိယအနေဖြင့် ကျန်းမာရေးဌာနမှ ၄၂၇ ဦးဖြင့် ပါဝင်ပြီး အစိုးရဌာနအကုန်လုံးနည်းပါး CDM လှုပ်ရှားမှုတွင် ပါဝင်နေပြီဖြစ်ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီအစိုးရ၏ လက်အောက်တွင် အလုပ်မလုပ်လိုကြောင်း ပြသသည့်အနေဖြင့် အစိုးရဝန်ထမ်းအများအပြားမှ အလုပ်မဆင်းဘဲ CDM လှုပ်ရှားမှုတွင် ပါဝင်နေကြပြီး ဌာနဆိုင်ရာအရာရှိများမှ ဖိအားပေးမှုများရှိနေသော်လည်း ဝန်ထမ်းများမှ အရပ်သားအစိုးရ မတက်မချင်း အလုပ်ဆင်းမည်မဟုတ်ကြောင်း ထုတ်ပြန်ချက် ပြန်လည်ထုတ်ပြန်မှုများလည်း ရှိနေကြောင်းသိရသည်။