ရွေးကောက်ပွဲကော်မရှင်သစ်၏ အစည်းအဝေးသို့ တက်ရောက်မည်မဟုတ်ဟု ကရင်အမျိုးသားပါတီပြော

ရွေးကောက်ပွဲကော်မရှင်သစ်၏ အစည်းအဝေးသို့ တက်ရောက်မည်မဟုတ်ဟု ကရင်အမျိုးသားပါတီပြော
by -
စောထွန်းလင်း (KIC)

အာဏာသိမ်းစစ်ကောင်စီက အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို တက်ရောက်မည်မဟုတ်ကြောင်း ကရင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်းက ကေအိုင်စီသို့ ဖေဖေါ်ဝါရီ ၂၄ ရက်တွင် ပြောသည်။  

၎င်းက “ကျွန်တော်တို့ကို ကော်မရှင်က ဖုန်းဆက်ပြောပါတယ်။ အစည်းအဝေးတက်ရောက်ဖို့ ပေါ့နော်။ ပါတီ ဗဟိုအလုပ်မှုဆောင်တွေနဲ့ တိုင်ပင်တဲ့အခါ သွားမတက်ဖို့ သဘောထားရှိတယ်။ ဒါကြောင့် အစည်းအဝေးမတက်တော့ဘူး။ ကော်မရှင်ကလည်း မနေ့က ဖုန်းဆက်လာတော့ မတက်ဖြစ်ဘူးလို့ ပြောလိုက်ပါတယ်” ဟု ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အသစ်အနေဖြင့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးတစ်ခုကို နေပြည်တော်တွင် ဖေဖေါ်ဝါရီ ၂၆ ရက်၌ ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီများအားလုံးကို ဖိတ်ကြားထားကာ တက်ရောက်မည့်ပါတီများအနေဖြင့် ယနေ့ (ဖေဖေါ်ဝါရီ ၂၄ ရက်) နောက်ဆုံးထားအကြောင်းပြန်ရန် ကော်မရှင်၏ဖိတ်ကြားစာတွင် ဖော်ပြထားသည်။

ကရင်အမျိုးသားပါတီကို ၂၀၁၄ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးရှိ ကရင်လူမျိုးများကိုအားပြုကာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပါတီသည် ညီညွတ်သောတိုင်းရင်သားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင်ပါတီတစ်ခုလည်းဖြစ်သည်။

လက်ရှိ ပြည်တွင်း၌ ကရင်နိုင်ငံရေးပါတီလေးခု တရားဝင်မှတ်ပုံတင် တည်ထောင်ထားပြီး ကော်မရှင်သစ်၏ အစည်းအဝေးသို့ ကျန်သုံးပါတီ ဖြစ်သည့် ကရင်ပြည်သူ့ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီနှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီတို့ အသီးသီးတက်ရောက်သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီတာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို တပ်မတော်ကသိမ်းလိုက်ပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကိုလည်း အသစ်ပြန်လည်ဖွဲ့စည်းကာ ကော်မရှင်သစ်သည် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေး ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...