လော်ဝေါ် နှစ်ခြင်းကျမ်းစာသင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဒေါက်တာခက်ထိန်နန်တို့တွေ့ဆုံမည့်အစီစဉ်အား လော်ဝေါ်နှစ်ခြင်းအသင်းတော်မှ လူငယ်လာရောက်ကန့်ကွက်မှုကြောင့် တွေ့ဆုံမည့်အစီစဉ် ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
လော်ဝေါ် နှစ်ခြင်းကျမ်းစာသင်ကျောင်းသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိပြီး ပြည်နယ်ကောင်စီဥက္ကဌက လာရောက်တွေ့ဆုံလိုခြင်းဖြစ်ကြောင်း ကမ်းလှမ်းမှုအပေါ် ငြင်း၍မသင့်တော်သဖြင့် တွေ့ဆုံရန် လက်ခံခဲ့ခြင်းဖြစ်သော်လည်း ပြည်သူများလက်မခံသဖြင့် ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်ဟု လော်ဝေါ်နှစ်ခြင်းအသင်းချုပ်မှ အသင်းတော်ခေါင်းဆောင်များက ပြောသည်။
“အသင်းတော်က တာဝန်ရှိတဲ့သူတွေအနေနဲ့ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ လာရောက်တွေ့ဆုံမယ်ဆိုတဲ့အပေါ် ငြင်းလို့မသင့်တော်တဲ့အတွက် တွေ့ဆုံမယ့်အစီစဉ်ကို လက်ခံခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းတော်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ လက်မခံဘူးဆိုရင်တော့ ပထမတစ်ချက် ဒီတွေ့ဆုံပွဲကို ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ဒုတိယတစ်ချက်က လော်ဝေါ်နှစ်ခြင်းအသင်းတော်က သာသနာထွန်းကားအောင် လုပ်ဆောင်နေတဲ့ ဘာသာရေးအသင်းအဖွဲ့ဖြစ်တဲ့အတွက် နိုင်ငံရေးကို ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။ တတိယတစ်ချက်က ဒီလို နိုင်ငံရေးမငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ တွေ့ဆုံဖို့ကမ်းလှမ်းတာကို လက်ခံမှာမဟုတ်ဘဲ ငြိမ်းချမ်းလာတဲ့အချိန်မှသာ စဉ်းစားပေးသွားမယ်” ဟု လော်ဝေါ်နှစ်ခြင်းအသင်းချုပ်မှ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများကပြောသည်။
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီသည် လော်ဝေါ်နှစ်ခြင်းကျမ်းစာသင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးအား လာရောက်တွေ့ဆုံရန် ကမ်းလှမ်းလာသည့်အတွက် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် လော်ဝေါ်နှစ်ခြင်းအသင်းတော်မှ လူငယ်များအပြင် ပြည်သူ ၃၀၀ ခန့်က လာရောက်ဝန်းရံခဲ့ကြခြင်းဖြစ်သည်။
ယင်းလာရောက်ဝန်းရံသည့် လူငယ်များမှ တာဝန်ရှိသူများက သာသနာထွန်းကားအောင် လုပ်ဆောင်ပေးနေသည့် ကျမ်းစာသင်တန်းကျောင်းတွင် နိုင်ငံရေးဆွေးနွေးမူများ၊ နိုင်ငံရေးနဲ့ပတ်သက်သည့် တွေ့ဆုံမူမျိုး မည်သည့်တွေ့ဆုံမူမျိုးမှ လက်မခံနိုင်ကြောင်း ပြောသည်။
"ဒီနေရာက ကျမ်းစာကျောင်းဖြစ်တဲ့အတွက် ဒီလို နိုင်ငံရေးလာလုပ်တာကို လုံးဝလက်မခံနိုင်ပါဘူး။ ပြီးတော့ စစ်ဘက်ကခန့်ပေးတဲ့ ဘယ်တစ်ဦးတစ်ယောက်ကိုမှလည်း အယုံအကြည်မရှိဘူး။ အဲကြောင့် ကျနော်တို့လူငယ်တွေအားလုံး လာရောက်ဝန်းရံနေခြင်းဖြစ်ပါတယ်။ နောက်နောင်လည်း နိုင်ငံရေးနဲ့ပတ်သက်တဲ့ တွေ့ဆုံမူမျိုး ကမ်းလှမ်းတာမျိုးလည်း မလုပ်ပေးပါကြပါနဲ့ လို့ပြောချင်တယ်” ဟု လာရောက်ဝန်းရံခဲ့ကြသည့် လူငယ်တာဝန်ခံများက ပြောသည်။
မြစ်ကြီးနားမြို့၊ ရွှေဇက်ရပ်ကွက်ရှိ အောက်ဘမ်ကျမ်းစာသင်ကျောင်းသည် လော်ဝေါ်လူမျိုးများ တန်ဖိုးထားရာတစ်ခုတည်းသော ကျမ်းစာသင်ကျောင်းဖြစ်သည်။
လော်ဝေါ်လူမျိုးသည် ကချင်မျိုးနွယ်စုဝငခြောက်မျိုးထဲမှ မျိုးနွယ်စုဝင်တစ်မျိုးဖြစ်ပြီး ကချင်ပြည်နယ်ရှိ ဝိုင်းမော်မြို့နယ်၊ ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ မြစ်ကြီးနားမြို့နယ် အစရှိသည့် မြို့နယ်များတွင် အများဆုံးနေထိုင်သည့် လူမျိုးဖြစ်သည်။