မွန်အမျိုးသားနေ့ ကျင်းပစရိတ်ထောက်ပံ့ငွေ ယခင်နည်းတူ ထုတ်ပေးမည်

မွန်အမျိုးသားနေ့ ကျင်းပစရိတ်ထောက်ပံ့ငွေ ယခင်နည်းတူ ထုတ်ပေးမည်

မကြာမီရက်ပိုင်းတွင် ကျင်းပတော့မည့် မွန်အမျိုးသားနေ့အခမ်းအနားအတွက် စရိတ်ပံ့ပိုးငွေ ကျပ် သိန်း ၄၅၀ ကို ထုတ်ယူသုံးစွဲခွင့်ပြုမည်ဟု အာဏာသိမ်းတပ်မတော်ကဖွဲ့စည်းထားသည့် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ကတိပြုထားကြောင်း သိရသည်။

 

အုပ်ချုပ်ရေးပိုင်း အပြောင်းအလဲကြောင့် ရန်ပုံငွေ ထုတ်ယူသုံးစွဲခွင့်အတွက် အခက်အခဲအချို့ ကြုံတွေ့ခဲ့ရသော်လည်း ယင်းအတိုင်း ဆက်လက် ထောက်ပံ့မည်ဖြစ်ကြောင်း သက်ဆိုင်ရာက ဖေဖော်ဝါရီ ၁၅ တွင် ကတိကဝတ်ပြုခဲ့ကြောင်း ကျင်းပရေးကော်မတီ ဒု-ဥက္ကဌ နိုင်မွန်ရာဇာက ဟင်္သာမီဒီယာကို ပြောကြားသည်။

 

"ကျွန်တော်တို့ ကျင်းပရေးကော်မတီက ပြီးခဲ့တဲ့ တနင်္လာနေ့ (ဖေဖော်ဝါရီ ၁၅) က သွားတွေ့တာပေါ့။ ကော်မတီဥက္ကဌ မင်းအောင်ထူးရယ်၊ ကျွန်တော်အပါအဝင် ဒု-ဥက္ကဌ နှစ်ယောက်ရယ်၊ တွဲဖက်အတွင်းရေးမှူး နိုင်ရဲမွန်ရယ် သွားတွေ့ရာမှာ ဒီကတိကဝတ် ရလာခဲ့ပါတယ်" ဟု နိုင်မွန်ရာဇာက ဖေဖော်ဝါရီ ၁၇ တွင် ပြောသည်။

 

နှစ်စဉ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့တိုင်း ကျင်းပမြဲဖြစ်သည့် မွန်အမျိုးသားနေ့အခမ်းအနားမှာ ယခုနှစ်တွင် ၇၄ ကြိမ်ပြည့်မြောက်ပြီဖြစ်ပြီး ဖေဖော်ဝါရီ ၂၇ တွင် အစဉ်အလာမပျက် ကျင်းပရန် ပွဲကျင်းပရေးကော်မတီက စီမံလျာထားသည်။

 

ယခုနှစ်တွင် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို ကိုဗစ်နိုင်တင်း ကပ်ရောဂါအခြေအနေအရ မော်လမြိုင်မြို့ မွန်ဓမ္မာရုံတွင် တစ်ရက်တည်းသာ ဆင်ယင်ကျင်းပရန် ဆုံးဖြတ်ထားပြီး မလာရောက်နိုင်သူများအတွက် အခမ်းအနား အစီအစဉ်နှစ်ရပ်ဖြစ်သည့် အလံတင်ခြင်းနှင့် မိန့်ခွန်းပြောကြားခြင်းတို့ကို အွန်လိုင်းမှတဆင့် ကြည့်ရှုနိုင်ရန် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများကို အတိအကျ လိုက်နာလျက် အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း ကော်မတီတာဝန်ရှိများက ပြောကြားထားသည်။

 

မွန်လူမျိုးရေးရာ ရန်ပုံငွေ ကျပ် သိန်း ၁၀၀၀ ကို NLD အစိုးရလက်ထက် ၂၀၁၆ က စတင်ခွင့်ပြုထုတ်ပေးခဲ့ပြီး ယင်းအနက် သိန်း ၅၀၀ မှာ မွန်အမျိုးသားနေ့အတွက်၊ ကျန် သိန်း ၅၀၀ မှာ မွန်စာပေနှင့် ယဉ်ကျေးမှုရေးရာအတွက် သုံးစွဲခွင့်ရရှိထားကြောင်းနှင့် ယခုလို ကျပ် သိန်း ၄၅၀ ဖြစ်နေရခြင်းမှာ မွန်လူငယ်နေ့ အခမ်းအနားကျင်းပစဉ်က ကျပ် သိန်း ၅၀ ထုတ်ယူအသုံးပြုခဲ့ခြင်းကြောင့်ဟု တာဝန်ရှိသူထံမှ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...