နေ့စဉ်ပုံမှန်ပြေးဆွဲနေသော မော်လမြိုင်-ရန်ကုန် အမှတ် ၉၀ လူစီးရထားကို ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက ဆန္ဒပြလူထုများ ပိတ်ဆို့ခဲ့သဖြင့် ရှေ့ဆက်မောင်းနှင့်ခြင်းမပြုနိုင်ပဲ မော်လမြိုင်ဘူတာကြီးသို့ ပြန်လည်ဝင်ရောက်ခဲ့ရကြောင်း သိရသည်။
“ရထားက မနက် ၈ နာရီ ၅၀ မိနစ်လောက်မှာ မော်လမြိုင်ဘူတာကနေ ထွက်တယ်။ မီးရထားဝန်ထမ်းနေရာ သံလမ်းချိုးတဲ့နေရာလောက်မှာ လူအုပ်ကြီးက တားတာပေါ့။ တဖြည်းဖြည်းနဲ့ လူတွေဝိုင်းလာတဲ့အတွက် ရထားဆက်သွားလို့မဖြစ်တော့ဘူး။ မနက် ၁၁ နာရီခွဲလောက်မှာ ဘူတာထဲပြန်ဝင်လာပါတယ်” ဟု မီးရထားဝန်ထမ်းတစ်ဦးက မွန်သတင်းအေဂျင်စီကိုပြောသည်။
မော်လမြိုင်မြို့ရှိ မီးရထားဝန်ထမ်းသုံးပုံနှစ်ပုံခန့် CDM သပိတ်ဝင်ထားသော်လည်း ဝန်ထမ်းတချို့က ရုံးတက်ကာ အာဏာရှင်ယန္တရားလည်ပတ်ရေးအတွက် လုပ်ဆောင်လျက်ရှိကြောင်းနှင့် တချို့သည် ပင်စင်ယူခံနီး အလုပ်မပြုတ်ချင်၍ ရုံးတက်ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်က ပင်စင်လျှောက်ထားဆဲမို့ CDM မဝင်ပါဘူး။ အလုပ်ပြုတ်မှာစိုးလို့ပါ” ဟု ရုံတက်နေဆဲ မီးရထားဝန်ထမ်းတစ်ဦးက ဆက်ပြောသည်။
မော်လမြိုင်မြို့အပါအဝင် မွန်ပြည်နယ်အတွင်းရှိ နယ်မြို့များအားလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ နေ့စဉ်ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။