အာဏာသိမ်းတပ်က ဖေဖော်ဝါရီ ၈ ရက်တွင် ကာဖျူး - ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ခြင်းကြောင့် ကုန်စည်ပို့ဆောင်ရာတွင် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ကုန်ပစ္စည်းသယ်ယူပို့ဆောင်နေသည့် ကားအသင်းတွင် မော်လမြိုင်မှ ရန်ကုန်သို့ တစ်နေ့လျှင် ကုန်တင်ကားလေးစီးထွက်သည့်အနက် လတ်တလော နိုင်ငံရေးအခြေအနေကြောင့် တစ်နေ့ နှစ်စီးသာထွက်နိုင်ကြောင်း သိရသည်။
“ခုက ၈ နာရီ ညမထွက်ရဆိုတော့ အရမ်းစောတာပေါ့နော်။ ၈ နာရီကျတော့ ကုန်တင်တာတို့ ပြီးတော့ တခြားနေရာတွေမှာ ကုန်မရတော့ စောင့်ရတာတို့ကျတော့ ဒီမှာပဲ မိုးချုပ်သွားတယ်။ တခါတလေကျ ၈ နာရီက ဒီမှာပဲဖြစ်သွားတော့ မောင်းလို့မရတော့ဘူး အဲဒါကြောင့် အခက်အခဲဖြစ်တာပေါ့” ဟု မော်လမြိုင်-ရန်ကုန်သို့ ကုန်တင်ကားမောင်းသူတစ်ဦးက ပြောသည်။
လူငါးဦး သို့မဟုတ် ငါးဦးထက်ပိုသော လူများသည့်လမ်းမကြီးများ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများပြည်သူနှင့်ဆိုင်သော နေရာများတွင် စုဝေးခြင်းမပြုရန်နှင့် ည ၈နာရီအချိန်မှ မနက်၄နာရီအချိန်အတွင်း မထွက်ကြရန်အာဏာပိုင်များက နေ့စဉ်လှည့်လည်အသိပေး နေကြောင်း သိရသည်။
“အရင်အမိန့်မထုတ်ခင်ကဆိုရင် ဒီကနေပစ္စည်းတွေတင်ပြီးတော့ ည ၉ ဖြစ်ဖြစ် ၁၀ နာရီဖြစ်ဖြစ် မောင်းသွားတော့ စစ်တောင်းလောက်ရောက်ရင် အိပ်လိုက်တယ်၊ မနက်ကျရင် ထမောင်းတယ်။ တခါတလေ ဒီဘက်မှာစောတယ်ဆိုရင် ရန်ကုန်ထိ အရောက်မောင်းတယ်။ ခုကျတော့ အဲ့လိုမောင်းလို့မရတော့ဘူး” ဟု ၎င်းကပြောသည်။
ထို့ပြင် ညမထွက်ရအမိန့်ကြောင့် မွန်ပြည်နယ်အတွင်းရှိ စားသောက်ဆိုင်၊ လမ်းဘေးဆိုင်များသည်လည်း ည ၈ နာရီ မတိုင်မီ ဆိုင်များပိတ်သိမ်း၍ နေအိမ်သို့အရောက်ပြန်ကြကြောင်း သိရသည်။
လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြအနေကြောင့် မည်သည့်အမိန့်များထုတ်ပြန်ထားသည်ဖြစ်စေ တပ်မတော်အာဏာသိမ်းမှုကို ရှုံ့ချသော လူထုဆန္ဒပြမှုများ နေ့စဉ်ဆက်တိုက် ဖြစ်ပေါ်လျက်ရှိသည်။
အလားတူ တစ်နိုင်ငံလုံးအနှံ့ CDM လှုပ်ရှားမှုကြောင့် ပုဂ္ဂလိကဘဏ်များပိတ်ထားရပြီး ငွေကြေးစီးဆင်းမှုများ ကြုံတွေ့နေရကြောင်း သိရသည်။