တပ်မတော်ကကမ်းလှမ်းသော ချင်းပြည်နယ် စီမံအုပ်ချူပ်ရေးကောင်စီ ဥက္ကဌရာထူး လက်ခံသူမရှိ

တပ်မတော်ကကမ်းလှမ်းသော ချင်းပြည်နယ် စီမံအုပ်ချူပ်ရေးကောင်စီ ဥက္ကဌရာထူး လက်ခံသူမရှိ

ချင်းပြည်နယ်စီမံအုပ်ချူပ်ရေးကောင်စီ ဥက္ကဌ တာဝန်ယူထားသည့် ဦး Terrance San Mawi Nikhuai ကွယ်လွန်ပြီးနောက် ၎င်းရာထူးအားတာဝန်ယူထမ်းဆောင်နိုင်မည့် ပုဂ္ဂိုလ်များကို တပ်မတော်က လိုက်လံကမ်းလှမ်းခဲ့သော်လည်း ယနေ့ချိန်ထိ လက်ခံသူမရှိကြောင်းသိရသည်။

ဦး Terrance San Mawi Nikhuai သည် ချင်းပြည်နယ် စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဌရာထူး ဖေဖော်ဝါရီ ၃ ရက်က လက်ခံရယူပြီးနောက် ရှစ်ရက်အကြာ ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းက နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်သွားခဲ့သည့်အတွက် အဆိုပါရာထူးအား လက်ခံပေးရန် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို ကမ်းလှမ်းခဲ့သော်လည်း လက်ခံရန် ငြင်းဆန်ခဲ့ကြကြောင်း သိရသည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဟားခါးမြို့ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေအမှတ် (၁) တွင် တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုခဲ့သော ဦးထလာဟရဲကို ဖေဖော်ဝါရီ ၁၅ ရက်နံနက်ပိုင်းက သက်ဆိုင်ရာ အာဏာပိုင်များက ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ သို့မဟုတ် ဝန်ကြီးရာထူးအတွက် ကမ်းလှမ်းခဲ့သော်လည်း ရာထူးလက်ခံရန် ငြင်းဆန်ခဲ့သည်။

ဦးထလာဟရဲက “ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဒါမှဟုတ် ဝန်ကြီးအဖြစ် မနေ့က မနက်ပိုင်းမှာ ကမ်းလှမ်းတယ်။ မိသားစုနဲ့တိုင်ပင်ပြီးတော့မှ ငြင်းလိုက်ရပါတယ်။ ဒီတာဝန်ကို ငြင်းလိုက်တာကတော့ တရားဝင် ပြည်သူကို ကိုယ်စားပြုတဲ့အစိုးရအဖွဲ့ဆိုရင်တော့ မငြင်းပါဘူး။ ပြည်သူကို ကိုယ်စားမပြုတဲ့ တရားမဝင်အစိုးရအဖွဲ့ပေါ့လေ။ တရားဝင်အစိုးရအဖွဲ့ဖြစ်တယ်လို့ ကျွန်တော်မခံယူပါဘူး ဒါကြောင့် ငြင်းတာပါ” ဟု ပြောသည်။

ဦးထလာဟရဲသည် ချင်းပြည်နယ်စည်ပင်ညွှန်းကြားရေးမှူးအဖြစ် ပင်စင်ယူထားသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ ဟားခါးမြို့နယ်တွင် တသီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သူဖြစ်သည်။

အလားတူပဲ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် CNLD ပါတီ၏ ပြည်နယ်လွှတ်တော်အမတ်ဖြစ်သူ ဦးရှန်မန်းကိုလည်း ဖေဖော်ဝါရီ ၁၅ ရက်မှာပင် သက်ဆိုင်ရာအာဏာပိုင်းများက ပြည်နယ်စီမံ အုပ်ချူပ်ရေးကောင်စီ ဥက္ကဌရာထူးလက်ခံရန် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခဲ့သည်ဟု သိရသည်။

နိုင်ငံတော်စီမံအုပ်ချုူပ်ရေးကောင်စီသည် ပြည်သူလူထုမှရွေးချယ်ထားသည့် အစိုးရအဖွဲ့မဟုတ်သောကြောင့် ပြည်သူလူထုလက်မခံသောအစိုးရအဖွဲ့တွင် အလုပ်မလုပ်ချင်သည့်အတွက် ဦးရှန်မန်းအနေဖြင့် ငြင်းပယ်ရခြင်းဖြစ်သည်ဟု သိရပြီး ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သီးသန့်ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲပေ။

ဦးရှန်မန်းသည် ဟားခါးမြို့မိမြို့ဖတစ်ဦးဖြစ်သည့်အပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် CNLD ပါတီကိုယ်စားပြုအနေဖြင့် ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေအမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သူဖြစ်သည်။

တပ်မတော်မှဖွဲ့စည်းလိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့တွင် ပူးပေါင်းပါဝင်ရန် တိုင်းရင်းသားပါတီများအနက် ရခိုင်အမျိူးသားပါတီ (ANP)၊ မွန်ညီညွတ်ရေးပါတီ (MUP) တို့က လက်ခံထားကြပြီး ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) နှင့် အရှိုချင်းအမျိူးသားပါတီ (ACNP) တို့ကတော့ တပ်မတော်၏ကမ်းလှမ်းမှုကို ငြင်းပယ်ထားကြသည်။ 

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...