စစ်အာဏာရှင်စနစ်ကိုလက်မခံဘဲ မိမိတို့တိုင်းရင်းသားများ၏ ဦးတည်ချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုသာ ဘဝတူဖိနှိပ်ခံတိုင်းရင်းသားလူမျိုးများနှင့် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း လည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က သဘောထားထုတ်ပြန်ခဲ့သည်။
အဆိုပါ သဘောထားထုတ်ပြန်ချက်ကို ALP က ဖေဖေါ်ဝါရီ ၁၄ ရက်တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်ရှိဖြစ် ပေါ်နေသောနိုင်ငံရေးအကျပ်အတည်းသည် ကြာရှည်လာသည့်နှင့်အမျှ နိုင်ငံအနာဂတ်အတွက် ဆိုးကျိုးများစွာ ဖြစ်လာနိုင်ခြေရှိသည့်အတွက် နိုင်ငံ၏အကျိုး၊ နိုင်ငံသူနိုင်ငံသားများ၏ အကျိုးကိုရှေ့ရှု၍ ကောင်းမွန်သော အဖြေရနိုင်မည့်နည်းလမ်းကို တာဝန်ရှိသူများမှ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ကြရန် ယင်းထုတ်ပြန် ချက်တွင် တိုက်တွန်းထားသည်။
“မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနောက်ပိုင်း လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေအပေါ်မှာ ရင်ဆိုင်ကြုံတွေ့ လာရတာဖြစ်ပါတယ်။ ဒီပြဿနာတွေကို ၁၉၈၈ ခုနှစ်မှာလည်း ကျွန်မတို့မျက်ဝါးထင်ထင် တွေ့ကြုံရခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့အခက်အခဲတွေကို သုံးသပ်တဲ့အခါ မြန်မာနိုင်ငံရဲ့ပဋိပက္ခသည် စားပွဲဝိုင်း ခုံမှာ ကျင်ကျင်လည်လည်မဆွေးနွေးလို့မရဘူးလို့မြင်တယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ပြဿနာကို ပြေပြေ လည်လည်ဖြေရှင်းမှုနဲ့ အဖြေရှာခြင်းအားဖြင့်အကျိုးရှိမယ်လို့မြင်တယ်” ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ ပြောရေးဆိုခွင့်ရှိသူ စောမြရာဇာလင်းက ဆိုသည်။
မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ခြင်းသည် တပ်မတော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရတို့အကြား အမြင်မတူမှု၊ ဆန္ဒမတူမှုနှင့် သံသယရှိမှုများကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်တစ်ခုဖြစ်ကြောင်း ALP ၏ ထုတ်ပြန်ချက်တွင် သုံးသပ်ထားသည်။
“နိုင်ငံတော်ကို အာဏာသိမ်းယူသွားတယ်ဆိုတာကတော့ ဘယ်သူတစ်ဦးတစ်ယောက်မှ ကောင်းတယ်လို့မမြင်ဘူး။ ကျွန်မတို့လည်း အာဏာသိမ်းယူတဲ့အခြေအနေမျိုးကို မရောက်စေချင်ခဲ့ဘူး။ အခုတိုင်းပြည်ဆူပူလာပြီ။ တိုင်းပြည်ဆူပူလာတာနဲ့အမျှ တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်းလည်း ဆုတ်ယုတ်သွားနိုင်သလို ပြည်သူ၊ ပြည်သားတွေအတွက်လည်း အများကြီး နစ်နာလာနိုင်တယ်လို့သုံးသပ်မိတယ်” ဟု စောမြရာဇာလင်းက ဆိုသည်။
ALP ပါတီအနေဖြင့် စစ်မှန်သောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊ အမျိုးသားတန်းတူရေး၊ တိုင်းရင်းသားများအားလုံး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် ဆယ်စုနှစ် သုံးခုကျော်ခန့် ဦးတည်ရာမပျက် အင်တိုက်အားတိုက်လုပ်ဆောင်လာခဲ့သည်ဟု ဆိုသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) သည် ၂၀၁၅ ခုနှစ်က အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။
Published
Tuesday, February 16, 2021
စစ်အာဏာရှင်စနစ်ကိုလက်မခံဘဲ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုသာ ကြိုပမ်းမည်ဟု ALP ဆို