ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်က အခြေခံလူတန်းစားအပေါ် ထိခိုက်လာ

ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်က အခြေခံလူတန်းစားအပေါ် ထိခိုက်လာ
by -
စိုင်းထွန်းစံ (MNA)

မွန်ပြည်နယ်အတွင်း မြို့နယ် လေးခုတွင် ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်မှုက အခြေခံလူတန်း စား အပေါ် ထိခိုက်လာကြောင်း သိရသည်။

အဆိုပါ အမိန့်ကြောင့် မွန်ပြည်နယ်တွင် သာမန်လက်လုပ်စားပြည်သူများအနေဖြင့် မိမိတို့၏လုပ်ငန်းခွင် အသီးသီးသို့ အချိန်မီ ဝင်ထွက်သားလာနိုင်ရန် အခက်အခဲရှိလာကြောင်း သိရသည်။

သံဖြူဇရပ်မြို့ပေါ်  မီးခွက်ဈေးတွင် အသီးအရွက်ရောင်းဝယ်သူ ဒေါ်လှဆီက “မီးခွက်ဈေးဆိုတော့ ပုံမှန်ဆိုရင်မနက်အစောနှစ်နာရီ သုံးနာရီလောက် အရောင်းအဝယ်လုပ်ကြတယ်။ ပြီးတော့မှ ကိုယ့်ရွာကို ပြန်ရောင်းတယ်။ ခုဆိုရင် အမိန့်တွေထုတ်ပြန်ထားတော့ ကျွန်မတို့လည်း မထွက်ရဲဘူးလေ။ အဲတော့ ကျွန်မတို့က မနက်စောကြီးအစား နေ့ခင်းဘက်ကို အရောင်းဝယ်လုပ်ရတော့ နေပူတယ် အရမ်းပင်ပန်းတယ်”ဟု ပြောသည်။

အလားတူပင် ရော်ဘာခြစ်သည့် ခြံလုပ်သားများသည်လည်း မိမိတို့သည် ညဘက်တွင်လုပ်ကိုင်ရသည့် လုပ်ငန်းဖြစ်သောကြောင့် စိုးရိမ်မှုတွေလည်းရှိနေကြောင်း ပငကျေးရွာမှ ရော်ဘာအစေးခြစ်လုပ်သား နိုင်စိုက်ရော့ဒ်က ပြောသည်။

“ကြောက်တယ်လို့တော့မဟုတ်ပါဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်တာပဲဆိုတော့ ဒါပေမယ့် ဒီလိုမငြိမ်မသက်ဖြစ်နေတဲ့ အချိန်မှာဆိုတော့ နည်းနည်းသတိထားရတယ်။ တစ်ခါတစ်လေကျရင် ကိုယ့်အချင်းချင်း ခြောက်လှန့်နေကြတာ လည်း ရှိတတ်တာပေါ့” ဟု နိုင်စိုက်ရော့ဒ်က ပြောသည်။

ထို့ပြင် စားသောက်ဖွယ်ရာရောင်းသည့် လမ်းဘေးဆိုင် တွန်းလှည်းဆိုင်များသည်လည်း ည ၈ နာရီ မထိုးမီပိတ်သိမ်းကာ မိမိတို့နေအိမ်အရောက်ပြန်ကြရသဖြင့် နေ့စဉ်ဝင်ငွေထိခိုက်လျက်ရှိဟု ဆိုသည်။

မွန်ပြည်နယ်အတွင်း ကျိုက်ထိုမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့အပါအဝင် မြန်မာနိုင်ငံတဝန်း မြို့ပေါင်း ၉၀ ကျော်တွင် ဖေဖော်ဝါရီ ၈ ရက်မှစ၍ ပုဒ်မ ၁၄၄ ကာဖျူး ညမထွက်ရအမိန့်ထုတ်ပြန်ထားသည်။

 လူငါးဦး သို့မဟုတ် ငါးဦးထက်ပို၍ လမ်းမကြီးများ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများပြည်သူနှင့်ဆိုင်သော နေရာများတွင် စုဝေးခြင်းမပြုရန်နှင့် ည၈နာရီအချိန်မှ မနက်၄နာရီအချိန်အတွင်း မထွက်ကြရန် သက်ဆိုင်ရာရပ်ကွက်ကျေးရွာအသီးသီးတွင် အသံချဲ့စက်များဖြင့် နေ့စဉ်လှည့်လည်အသိပေးလျက်ရှိသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...