မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီ ၁ ရက် တပ်မတော်ကအာဏာသိမ်းယူမှုဖြစ်ပေါ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်တွင် ပြည်ပမှသွင်းကုန်များ စျေးနှုန်းမြင့်တက်လာကြောင်း သိရသည်။
ယင်းသို့ ပြည်ပမှတင်သွင်းနေသည့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများဈေးနှုန်းမြင့်တက်လာရခြင်း သည် အာဏာသိမ်းပြီးနောက် ကုန်စီးဆင်းမှု နှောင်းနှေးသွားခြင်းကြောင့်ဖြစ်ကြောင်း ရခိုင်စီးပွားရေးလုပ်ငန်းရှင် များက ပြောသည်။
“ရခိုင်ပြည်နယ်မှာ ကုန်ဈေးနှုန်းအခြေအနေက နဂိုကတည်းကအလားအလာမကောင်းတာရယ်၊ အခု အချိန်ခါလည်း CDM လှုပ်ရှားမှုတွေရှိနေတဲ့အခါ ကုန်စည်စီးဆင်းမှုနှေးသွားတယ်။ ကုန်ပစ္စည်းအစုံကို ခြုံပြီး ပြောရင် ပြည်ပဖက်ကလာတဲ့တချို့ကုန်ပစ္စည်းကဈေးနှုန်း ၂၀ ရာခိုင်နှုန်းလောက် တက်သွားတာရှိတယ်။ တချို့ ၃၀ ရာခိုင်နှုန်းလောက် တက်သွားတာရှိတယ်။ တချို့မှာဆိုလည်း ၅၀ ရာခိုင်နှုန်းလောက် တက်သွားတယ်” ဟု ရခိုင်စီးပွားရေးဦးဆောင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်(REIC)မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ပြောသည်။
ယခုလိုကုန်စျေးနှုန်းမြင့်တက်မှုသည် ရေရှည် မဖြစ်ရန် ရခိုင်ပြည်နယ် ကုန်သည်ကြီးများအသင်း အပါအဝင် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်နေပြီဖြစ်ကြောင်း ဦးခင်မောင်ကြီးက သုံးသပ်သည်။
ယခုလို ကုန်စျေးနှုန်းမြင့်တက်လာမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ကုန်ပစ္စည်း ပြတ်တောက်ခြင်း၊ ဈေးနှုန်းတက်လာခြင်း များရှိပါက စာသုံးသူပြည်သူများ အခက်အခဲမဖြစ်စေရန် တခြားပြည်ပကုန်သည်များနှင့် ချိတ်ဆက်ထားသည်ဟု ဆိုသည်။
“ဝုန်းဒိုင်းကြီး ဒီထက်ဈေးပိုတက်လာမယ်ဆိုရင်တော့ ရခိုင်ပြည်နယ်ကုန်သည်များအသင်းအနေနဲ့ တစုံတခု လုပ်ဖို့ဆိုပြီးတော့စီစဉ်ထားပါတယ်။ လက်ရှိမှာ ကုန်ဈေးနှုန်းကလည်းများများစားစားတက်လာနိုင်တဲ့ အခြေ အနေမဟုတ်သေးဘူး။ ပြည်မဖက်မှာ ဒီထက်ပိုပြီးဆန္ဒပြတာတွေလုပ်လာရင်တော့ ဒီဖက်မှာကုန်ပစ္စည်းတွေ ပြတ်တောက်နိုင်တယ်” ဟု ၎င်းကပြောသည်။
လတ်တလောတွင် ကုန်ပစ္စည်းပြတ်လပ်ခြင်း၊ ကုန်ပစ္စည်း လိုသလောက်မရနိုင်ခြင်းများရှိလာကြောင်း စစ်တွေမြို့မဈေးမှ ကုန်သည်ဦးဦးကျော်လင်းက ပြောသည်။
“ကြက်သွန်တွေဆိုရင်လည်း အရင်လိုလိုသလောက်မရတော့ဘူး။ နောက်တခြားကုန်ပစ္စည်းတွေလည်း ရှာမရ တာတွေဖြစ်ပါတယ်။ အဲ့မှာတစ်ခါ လမ်းခရီးမှာ ကြန့်ကြာတာရယ်ဖြစ်ပါတယ်။ ငရုတ်သီးကအစပေါ့နော် ဈေးနှုန်း တစ်နေ့ထက်တစ်နေ့ပိုပိုတက်လာပါတယ်”ဟု ၎င်းကဆိုသည်။
လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် ရခိုင်ပြည်နယ်တွင် ဆန်အပါအဝင် အခြေခံစားသောက်ကုန်နှင့် လူသုံး ကုန်ပစ္စည်းများ၊ ဆေးဝါးများမှာ ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။
Published
Sunday, February 14, 2021
တပ်မတော်က အာဏာသိမ်းပြီးနောက် ရခိုင်တွင် ပြည်ပမှသွင်းကုန်များ ဈေးနှုန်း မြင့်တက်