ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများ တစ်ရက်ထက်တစ်ရက် ပိုမို အားကောင်းလာနေသည်။
ပြည်ထောင်စုနေ့တွင် လုပ်သည့် စစ်ဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုတွင် အာဏာရှင်စနစ်အမြစ်ပြတ် ချေ မှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန် တီးခွင့်အပြည့်အဝရှိသည့် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဖော်ဆောင်ရေး၊ ၁၉၄၇ ပင်လုံ ကတိကဝတ်ကို အကောင်အထည်ဖော်ရေးနှင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်း လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
မြစ်ကြီးနားမြို့ ခံ လီဆူလူငယ် ငွါးကျော်ထင် က “စစ်အာဏာရှင်ရဲ့ အုပ်ချုပ်မှုကို မကြိုက်လို့ပါ။ ကျွန်တော်တို့ရဲ့ Generation အတွက်လည်း အများကြီးပါတာပေါ့။ အဲ့ဒါ ကြောင့်လည်း ဒီလိုပါဝင်ရခြင်းဖြစ်တယ်။ ဒီ CDM က ကျွန်တော်တို့ရဲ့ နိုင်ကွက်က ဒီတစ်ကွက်ပဲ ရှိတာလေ။ ဒီလှုပ်ရှားမှု မှာ အားလုံးပါဝင်စေချင်ပါတယ်” ဟု ပြောသည်။
ဆန္ဒထုတ်ဖော်မှုကို ယခုလ ၈ ရက်ကစတင်၍ ဒေသခံတိုင်းရင်းသားလူငယ်များ၊ အစိုးရဝန်ထမ်းများ၊ သံဃာတော် အချို့၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနှင့် ရပ်မိရပ်ဖ သောင်းချီက ဆန္ဒထုတ်ဖော်နေကြပြီးဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် ချီဆက်ဆန္ဒထုတ်ဖော်သူများက မိမိတို့၏ တိုင်းရင်းသားဝတ်စုံများနှင့် ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
အလားတူ ဖေဖော်ဝါရီ ၁၃ ရက် တွင်လည်း ဗိုလ်ချုပ်မွေးနေ့ အထိန်းအမှတ်အဖြစ် မြစ်ကြီးနားမြို့က ရပ်မိရပ်ဖိ အချို့က ဆန္ဒပြပြည်သူများအား ပဲပြုတ်နှင့် နံပြားများ ဝေငှပေးခဲ့သည်။
မြစ်ကြီးနားမြို့က ဆန္ဒထုတ်ဖော်သူတစ်ဦး “ပြည်သူတွေ မရွေးပဲနဲ့ ဝန်ကြီးဖြစ်ချင်ရင် ဇာတ်ထဲကို ဝင်လိုက်။ ဇာတ်ထဲ မှာပဲရမယ်လို့။ အပြင်မှာတော့ ဝန်ကြီးလုပ် လို့မရဘူးလို့။ အသိအမှတ်ပြုဘူးပေါ့ကွာ၊ ကျနော်တို့ ပြည်သူတွေရဲ့ ဝန် ကြီးက ကျနာ်တို့ ရင်ထဲမှာ ရှိပြီးသားပဲ” ဟု ပြောသည်။
အလားတူ မြစ်ကြီးနားမြို့က ဆန္ဒထုတ်ဖော်မှုအစီအစဉ်များတွင် အစိုးရဝန်ထမ်းများလည်း တစ်ရက်ထပ်တစ်ရက်ပိုမို ပါဝင်လာနေကြပြီး CDM လှုပ်ရှားမှုတွင်လည်း တစ်ရက်ထပ်တစ်ရက် ပိုပြီးများလာသည်။
ပညာရေးဝန်ထမ်း ဆရာမဒေါ်ယုကျော် က “ရှင်းပါတယ်။ မတရားတာကို ငြိမ်မခံတတ်တဲ့ စိတ်ဓါတ်ကလေးတွေ အား လုံးမှာ ရှိကြလို့ပါ။ လူတွေဟာ မတရားတာကို မခံတတ်တဲ့စိတ်ဓါတ်ကလေးတွေ အများကြီးတွေ့ရတဲ့ အတွက် ကြောင့်မို့လို့ ဒါဟာ နိုင်ငံ့ရဲ့ ကောင်းကျိုးအတွက် ရော လူတစ်ဦးတစ်ယောက်ချင်းစီ အတွက်ရော အရာအားလုံး အတွက် ကောင်းမွန်တယ်လို့ မြင်ပါတယ်။ မတရားတာ ကို ငြိမ်ခံနေလို့ရှိရင် ဒါက စိုးရိမ်စရာ၊ မတရားတာကို မတရားကြောင်းပြောမှ မတရားတာကို မတရားကြောင်းမပြော မှ စိုးရိမ်စရာပါ။ လိပ်ပြာလည်း လုံရပါတယ်” ဟု ပြောသည်။
မြစ်ကြီးနားခရိုင်၊ ကျေးလက်လမ်းဦးစီးဌာန က ဝန်ထမ်းတစ်ဦး ကလည်း “ညီမဘာလို့ ပါဝင်ရတာလဲဆိုရင် ဒီစစ်အာ ဏာရှင်က ညီမတို့ ရွေးချယ်တင်မြှောက်ထားတဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အတွက် မကျေနပ်လို့ CDM မှာလည်း ပါ ဝင်နေပြီးတော့ လမ်းပေါ်မှာလည်း ဆန္ဒထုတ်ဖော်နေတာ ဖြစ်ပါတယ်။ စ ဖြစ် ကတည်းက ညီမတို့ ရုံးမတက်ပါဘူး။ အခုအချိန်ထိ လမ်းပေါ်မှာပဲ ညီမတို့ အဖွဲ့တွေ ရှိနေပါတယ်။ အဆုံးအထိ တွေး ထားပါတယ်။ တစ်ခုခု Action ယူတာ ဘာညာဆိုရင်အကောင်းဆုံးဖြစ်အောင်တော့ စီစဉ်ထားပါတယ်။ စိတ် ကိုပဲ ပြင်ဆင်ထားရတာပေါ့။ ညီမတို့က ဘာမှ မရှိဘူးဆိုတော့လေ။ လက်နက်မဲ့ဝန်ထမ်းတွေဆိုတော့” ဟု ပြောသည်။
ပြည်ထောင်စုနေ့တွင် ဆန္ဒထုတ်ဖော်သည့် လမ်းကြောင်းတစ်လျှောက် လုံခြုံရေးယူထားသည့် စစ်သားများကို မတွေ့ရ သော်လည်း ဖေဖော်ဝါရီလ ၁၃ ရက်တွင် စစ်သားများ လမ်းကြောင်းပိတ်ဆို့မှုများ ရှိနေသည်။
ထို့ပြင် နိုဝင်ဘာ ၈ ရက်နေ့ နှင့် ၉ ရက်နေ့တို့တွင် ဆန္ဒထုတ်ဖော်သည့် လမ်းကြောင်းတစ်လျှောက် စစ်သားများ၊ ရဲတပ်ဖွဲ့ ဝင်များက လမ်းကြောင်းများကို ပိတ်ဆို့တာတွေရှိခဲ့သော်လည်း ညှိနှိုင်းအဆင် ပြေခဲ့သဖြင့် လမ်းအချို့ကို ပြန်ဖွင့်ပေးခဲ့သည်။
ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ မြစ်ကြီးနားမြို့မှ ကိုငယ် က “ပြည်သူတွေညီလို့ပါဗျ။ အခုလိုပြန်ဖွင့်ပေး တာကလေ။ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကိုလည်း ကျနော်တို့ နဲ့ အတူတူ ပူးပေါင်းပါလို့ CDM တောက်လျှောက် လုပ် ပေးပါလို့ ကျနော်တို့ မဲပေးထားတဲ့ အစိုးရကို ပြန်ပေးပါလို့ အခုလိုအဲ့လိုမဟုတ်လို့ မခံမရပ်နိုင်လို့ ဆန္ဒပြတာပါဗျ” ဟု ပြောသည်။
မြစ်ကြီးနားမြို့တွင် ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုတွင် စစ်အာဏာရှင်စနစ် မုချ ကျဆုံး ပါ စေ၊ ဖမ်းဆီးခံရထားသည့် ခေါင်းဆောင်များ ချက်ချင်းလွှတ်ပေးရန်၊ အာဏာရှင်စနစ်အလိုမရှိ၊ မတရားအာဏာသိမ်း စစ်အစိုးရ အလိုမရှိ၊ ဒီမိုကရေစီ စနစ် ရှင်သန်ခိုင်မာရေး တို့အရေး၊ ဒီမိုကရေစီ အရေး တော်ပုံအောင်ရမည်၊ CDM လုပ်ခြင်းဖြင့် တိုင်းပြည်ကို ကာကွယ်ပါ၊ ငါတို့ခေတ် သမိုင်းမရိုင်းစေနဲ့၊ ဝန်ထမ်းတွေဟာ ပြည်သူနဲ့ အတူရှိတယ်ဆို သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ကြွေးကြော်ကာ ချီဆက် ဆန္ဒထုတ်ဖော်ခဲ့နေကြသည်။
Published
Sunday, February 14, 2021
မြစ်ကြီးနား ဆန္ဒပြပွဲ တစ်ရက်ထက်တစ်ရက် ပိုမိုအားကောင်းလာ