ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် NLD လွှတ်တော်ကိုယ်စားလှယ်သုံးဦး ဖမ်းဆီးခံထားရပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရှိသဖြင့် စိုးရိမ်နေကြောင်း မိသားစုဝင်များက ပြောသည်။
ဖမ်းဆီးခံထားရသူများမှာ ဝန်ကြီးချုပ် ဦးညီပု၊ ဂွ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်နှင့် တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်တို့ဖြစ်ကြသည်။
ဦးညီပုသည် ဖေဖော်ဝါရီ ၁၀ ရက် ညနေ ၁၀ နာရီကျော်တွင် တပ်မတော်၏ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး ဦးရဲခေါင်ညွန့်မှာ ယနေ့ (ဖေဖော်ဝါရီ ၁၁ ရက်နေ့) မနက် ၁ နာရီခန့်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
“တပ်က လာခေါ်တာပါ၊ စစ်သားတွေပေါ့နော်။ ဘယ်လိုပုံစံနဲ့ လာခေါ်လည်းဆိုတော့ သူတို့က (တပ်က) ခဏလောက်လိုက်ခဲ့ပေးပါ။ ပြောစရာရှိတယ်ဆိုပြီး ခေါ်တာပါ။ အခုအချိန်ထိ အဆက်အသွယ်မရသေးဘူး။ ဆိုတော့ အဖေ့ရဲ့ ကျန်းမာရေးအတွက် အဓိကစိုးရိမ်တယ်။ ပြန်ပြီး မြန်မြန်ပို့ပေးရင် ပိုကောင်းတာပေါ့” ဟု ဝန်ကြီးချုပ်၏သမီးဖြစ်သူ မကြည်ကြည်ဦးက ပြောသည်။
တပ်မတော်မှ အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် တပ်မတော်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး နှစ်ရက်မြောက်နေ့တွင် ပြန်လည်လွတ်မြောက်လာကာ ဦးညီပုကို ဒုတိယအကြိမ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်ကို ဖေဖော်ဝါရီ ၉ ရက် နေ့လည်ပိုင်းက ရဲစခန်း၌ ထိန်းသိမ်းခဲ့ရပြီး ယင်းနေ့ ညနေပိုင်းအချိန်တွင် ရဲစခန်းမှတစ်ဆင့် တပ်မတော်သားများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်ဟု ၎င်း၏ မိသားစုဝင်များကပြောသည်။
ထို့ပြင် ဦးမင်းအောင်ကို တောင်ကုတ်မြို့ရဲစခန်းမှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မတို့ဖြင့် ဖမ်းဆီးတရားစွဲပြီး ရုံးထုတ်သွားမည်ဟု ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ ရုံးထုတ်ခြင်းကို မတွေ့ရှိရကြောင်း ဦးမင်းအောင်၏ ဇနီးဖြစ်သူ ဒေါ်မြတ်ဝတ်ရည်က ဆိုသည်။
“ကျွန်မတို့ တောင်ကုတ်မှာ တပ်မတော်ထောက်ခံပွဲတွေလုပ်တာလည်းရှိတယ်။ အဲဒီနေ့မှာ လူတွေလည်း အများကြီးပါတယ်။ သူတို့ကိုကျ ဘာမှမလုပ်ဘူး၊ ဘာဥပဒေနဲ့လည်း တရားမစွဲဘူး။ ကိုမင်းအောင်တို့ လုပ်တာကလည်း သူတယောက်တည်း လုပ်တာမဟုတ်ဘူး။ တစ်မြို့လုံးက အာဏာရှင်စနစ်ကို ဆန့်ကျင်ကြတာဖြစ်တယ်။ ဆိုတော့ ကိုမင်းအောင်တို့ကို ဖမ်းတယ်ဆိုတော့ ဒါက မတရားဘူး။ အဲတာကို အမြန်ဆုံးပြန်လွှတ်ပေးပါလို့ တောင်းဆိုချင်တယ်” ဟု ၎င်းကပြောသည်။
မိသားစုဝင်များအနေဖြင့် ယခုအချိန်ထိ ဦးမင်းအောင်နှင့် အဆက်အသွယ်မရရှိသေးသလို ၎င်းအား မည်သည့်နေရာတွင် ဖမ်းဆီးထားခြင်းကိုလည်း မသိရှိရသေးသည့်အတွက် များစွာစိုးရိမ်နေကြောင်း ဒေါ်မြတ်ဝတ်ရည်က ပြောသည်။
ရခိုင်တွင် NLD အမတ် သုံးဦးအပါအဝင် အမ်း၊ ဂွ၊ ရမ်းဗြဲ၊ မာန်အောင် တောင်ကုတ် မြို့နယ်အသီးသီးမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ ဖမ်းဆီးခံရခြင်းများရှိနေသည်။