ရခိုင်ရှိမြို့များတွင် ဆန္ဒပြပွဲများ နေ့စဉ်ပြုလုပ်

ရခိုင်ရှိမြို့များတွင် ဆန္ဒပြပွဲများ နေ့စဉ်ပြုလုပ်
by -
မင်းထွန်း (DMG)

တပ်မတော်မှ အာဏာသိမ်းခြင်းကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်မှုများသည် ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်များတွင်လည်း ယခုရက်ပိုင်းအတွင်း နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အာဏာကို ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်မှသိမ်းယူပြီးနောက်ပိုင်းတွင် ရခိုင်မှ သံတွဲ၊ ဂွ၊ တောင်ကုတ်၊ မာန်အောင်၊ အမ်းမြို့နယ်များတွင် တပ်မတော်မှ အာဏာသိမ်းမှုကို အလိုမရှိကြောင်း ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခြင်းများ ရှိလာနေခြင်းဖြစ်သည်။

အဆိုပါ အာဏာသိမ်းမှုနှင့်ပတ်သက်၍ စစ်တွေတက္ကသိုလ်မှ ဆရာ/ဆရာမ ၄၀ ခန့်က ဖဲကြိုးနီလှုပ်ရှားမှုကို ဖေဖော်ဝါရီ ၅ ရက်မှစ၍  ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် ဖေဖော်ဝါရီ ၈ ရက်တွင် တပ်မတော်မှ အာဏာသိမ်းမှုကို အလိုမရှိကြောင်း ဂွမြို့မှ လူအင်အား နှစ်ထောင်ခန့်နှင့် သံတွဲမြို့မှ လူအင်အား သုံးထောင်ကျော်သည် ၎င်းတို့၏မြို့နယ်များတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အလားတူ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း တောင်ကုတ်၊ မာန်အောင်၊ အမ်းမြို့တို့တွင် ဖေဖော်ဝါရီ ၉ ရက်က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“ဒီအာဏာရှင်စနစ် မကျဆုံးသရွေ့၊ ခေါင်းဆောင်တွေကို မလွှတ်ပေးသေးသမျှ ဆန္ဒဖော်ထုတ်မှုတွေရှိနေမှာဖြစ်တယ်။ နောက် ဖမ်းဆီးခံ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေကို မလွှတ်သေးသမျှ၊ ဒီအာဏာရှင်တွေ မကျဆုံးသေးသမျှကာလပတ်လုံး ဆန္ဒဖော်ထုတ်မှုတွေ လုပ်နေရာမှာဖြစ်တယ်” ဟု ဆန္ဒဖော်ထုတ်သူ မခင်ထိပ်ထားလှိုင်က ပြောသည်။

အာဏာရှင်စနစ်ကို တွန်းလှန်ရန်အတွက် ရဲ၊ ဝန်ထမ်းများအပါအဝင် ပြည်သူများအားလုံး စည်းစည်းလုံးလုံး ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်သူများကို သက်ဆိုင်ရာရဲများက ခေါ်ယူစစ်ဆေးမှုများရှိလာသလို ဆန္ဒပြမှုကြောင့် အမှုဖွင့်ခံရသူများလည်း ရှိလာနေသည်။

“ဆန္ဒဖော်ထုတ်သူတွေ ရှိနေသရွေ့တော့ ကျွန်တော်တို့ဆက်တိုင်းဖော်ထုတ်နေမှာဖြစ်တယ်။ ကျွန်တော်တို့ ထိန်းသိမ်းခံခဲ့ရရင်တော့ ဆက်ပြီးဆန္ဒဖော်ထုတ်လို့မရတော့ဘူး။ မထိန်းသိမ်းခံရတဲ့ အချိန်ထိတော့ ဆက်ပြီး ဖော်ထုတ်နေမှာဖြစ်တယ်” ဆန္ဒဖော်ထုတ်သူ ဦးဉာဏ်ထွန်းမင်းက ပြောသည်။

ဖေဖော်ဝါရီ ၉ ရက်က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့သည့် အမ်းမြို့ဒေသခံခုနစ်ဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ -၂၅၊ ငြိမ်းစုစီပုဒ်မ - ၁၉ တို့ဖြင့် အမ်းမြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း ယင်းမြို့ဒေသခံများထံမှ သိရသည်။

အာဏာရှင်စနစ်ကျဆုံးရေးနှင့် ဒီမိုကရေစီအရေးကို တိုက်ပွဲဝင်နေကြသည့် ပြည်သူများကို ချီးကျူးဂုဏ်ပြုကြောင်းနှင့် မိမိတို့၏ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များ အကောင်အထည်ဖော်နိုင်ရေး၊ အောင်မြင်နိုင်ရေးတို့အတွက် ဆက်လက်ပြီး ကြိုးပမ်းလုပ်ဆောင်ကြရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် မကြာသေးမီးက ပြောကြားခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...