ပါတီမူဝါဒ လေးချက်အား အကောင်အထည်ဖော်ဆောင်ပေးမည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းမည်ဟု ZCD ပြော

ပါတီမူဝါဒ လေးချက်အား အကောင်အထည်ဖော်ဆောင်ပေးမည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းမည်ဟု ZCD ပြော

ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD) ပါတီအနေဖြင့် ၁၉၈၈ ခုနှစ်ကတည်းက ယနေ့ချိန်ထိ ကိုင်စွဲထားသည့် ၎င်းတို့၏ပါတီမူဝါဒလေးချက်ကို အကောင်အထည်ဖော်ဆောင်ပေးမည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။ 

 

အာဏာသိမ်းတပ်မတော်က ဖွဲ့စည်းသည့် နိုင်ငံတော်စီမံံအုပ်ချုပ်ရေးကောင်စီတွင် တိုင်းရင်းသားနိုင်ငံရေးပါတီများကို ပူးပေါင်းပါဝင်ရန်ဖိတ်ခေါ်ရာတွင် ZCD ပါတီလည်းပါဝင်ကာ ယင်းကိစ္စနှင့်ပတ်သက်၍ ထိုသို့တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။ 

 

ဇိုမီဒီမိုကရေစီအဖွဲ့ချုပ် ZCD ပါတီအတွင်းရေးမှူး ပူးဂင်ကမ်းလျန်က “ဖုန်းနဲ့ဆက်သွယ်လာတယ်။ နှစ်ခါလောက် အားလုံးလိုလိုပါပဲ။ ပါတီတိုင်း UEC ကနေဆက်တာ စာနဲ့ပေနဲ့ အတိအကျတော့မရှိပါဘူး။  ဒါပေမဲ့ ကျွန်တော်တို့ အခုထိ ဘာမှအကြောင်းမပြောသေးဘူး။ ကျွန်တော်တို့ကြေညာချက်တော့ထုတ်ပြီးပြီ။ ကျွန်တော်တို့ကတော့ ပါတီရပ်တည်ချက် မူဝါဒ လေးချက်ရှိတယ်။ အဲဒီမူဝါဒကို အကောင်ထည်ဖော်ပေးမယ့် မည်သည့်အဖွဲ့အစည်းနဲ့မဆို လက်တွဲနိုင်ပါတယ်။ ဖော်ပေးတဲ့သူတော့ ပူးပေါင်းရမှာပေါ့” ဟု ပြောသည်။

 

ဇိုမီဒီမိုကရေစီအဖွဲ့ချုပ် ZCD ပါတီ၏ မူဝါဒ ရပ်တည်ချက်လေးချက်မှာ (၁) ဘိုးဘွားစဉ်ဌာနေများက ဇိုမီးတိုင်းရင်းသားများဖြစ်ကြောင်း မူရင်းလူမျိုးအမည် ဇိုမီးခေါ်ဆိုရေး၊ (၂) စစ်မှန်သော ဒီမိုကရေစီအစိုးရပေါ်ပေါက်လာရေး၊ (၃) လွတ်လပ်ရေး စျေးကွက်စီးပွားရေးစနစ်နှင့် (၄) ပင်လုံစိတ်ဓာတ်မြှင့်တင်ရေး (Panglong Spirit) တို့ဖြစ်သည်။ 

 

“ကျွန်တော်တို့ ရပ်တည်ချက် နံပတ် ၂/၃/၄ က ၂၀၀၈ ဖွဲ့စည်းပုံပြင်မှရမယ်။ ၂၀၀၈ က လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း ပါဝင်နေသေးတော့ ဒီမိုကရေစီလို့ ခေါ်လို့မရဘူး။ ပြီးတော့ ပင်လုံစိတ်ဓာတ်ဆိုတာလည်း ပင်လုံကတိကဝတ်ကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်ပေးမယ့်သဘောကို ပြောတာဖြစ်တယ်။ ဆိုတော့ အဲဒါတွေ ၂၀၀၈ မှာ မပါဘူးလေ။ သူတို့က ၂၀၀၈ အတိုင်းသွားမယ်ဆိုရင်တော့ သိပ်တော့အလားအလာမရှိဘူးထင်တာပဲ” ဟု ပူးဂင်ကမ်းလျန်က ဆက်လက်ပြောသည်။

 

ဖေဖော်ဝါရီ ၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်သော ZCD ပါတီ၏ ကြေညာချက်တွင် တပ်မတော်မှ နိုင်ငံတော်စီမံအုပ်ချူပ်မှုကို တာဝန်ယူထိန်းသိမ်းခြင်းကြောင့် တိုင်းပြည်အနာဂတ်အရေးအတွက် စိုးရိမ်ပူပန်မိကြောင်း၊ ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအကြပ်အတည်းသည်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်ကြောင့်သာလျှင်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

 

မြန်မာနိုင်ငံရှိ ၅၄ သန်းကျော်သော ပြည်သူလူထုကို ထောက်ထား၍ အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်၊ တိုင်းရင်းသားအင်အားစုများနှင့် တပ်မတော်တို့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ပင်လုံကတိကဝတ်များကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမူကို ချမှတ်ရေးဆွဲနိုင်မှသာလျှင် ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးနှင့် ရေရှည်တည်ငြိမ်မှုရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ZCD ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ 

 

ထို့ပြင် နိုင်ငံတောသမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူများအားလုံးကို ခြွင်းချက်မရှိ ပြန်လည်လွတ်ပေးရန်လည်း ZCD ကတောင်းဆိုထားသည်။ 

 

၁၉၉၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရပါတီလည်းဖြစ် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီ၏ မဟာမိတ်ပါတီလည်းဖြစ်သည့် ZCD ပါတီသည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ မဲဆန္ဒနယ်မြေ နှစ်နေရာရရှိထားသည်။ 

 

တပ်မတော်မှဖွဲ့စည်းလိုက်သော နိုင်ငံတော်စီမံံအုပ်ချုပ်ရေးကောင်စီအဖွဲ့တွင် ပူးပေါင်းပါဝင်ရန် တိုင်းရင်းသားပါတီများအနက် ရခိုင်အမျိူးသားပါတီ (ANP)၊ မွန်ညီညွတ်ရေးပါတီ (MUP) တို့က လက်ခံထားကြပြီး ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) နှင့် အရှိုချင်းအမျိူးသားပါတီ (ACNP) တို့ကတော့ တပ်မတော်၏ကမ်းလှမ်းမှုကို ငြင်းပယ်ထားကြသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...