စစ်တပ်က အာဏာသိမ်းခြင်းကြောင့် ရခိုင်တိုင်းရင်းသားများနှင့် မူဆလင်များအကြား လူမျိုးရေးပြဿနာ ထပ်မံဖြစ်လာမည်ကိုစိုးရိမ်ကြောင်း မူဆလင်ဘာသာဝင်များက ပြောသည်။
“ဒါကတော့ အစိုးရအပေါ်မူတည်ပါတယ်။ ပထမအစိုးရလက်ထက်ကလည်း ကျွန်တော်တို့ မူဆလင်တွေနဲ့ ရခိုင်တွေကိုပြဿနာဖြစ်အောင်လုပ်ပြီး ကျွန်တော်တို့ကို သတ်တာ၊မီးရှို့တာတို့ အဲလိုမျိုးရှိခဲ့ပါတယ်။ ဘယ်လိုပြောရမလဲ ဒီမိုကရေစီလမ်းကြောင်းထဲမှာတော့ ကျွန်တော်တို့ပြည်သူလူထုက စည်းကမ်းချက်တွေကို လိုက်နာပါတယ်။ အခုဒီစစ်အစိုးရကလည်း ကျွန်တော်တို့ကို ဘယ်လိုဆက်ဆံမလဲဆိုတာ စိုးရိမ်စိတ်ရှိပါတယ်။ ကျွန်တော်တို့ကို နှိပ်စက်မလား၊ ကောင်းကောင်းမွန်မွန်နေခိုင်းမလား။ အဲဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ စိုးရိမ်စိတ်နည်းနည်းရှိပါတယ်” ဟု စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာမှ မူဆင်လင်ဘာသာဝင် အမျိုးသားတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ရခိုင်နှင့်မူဆလင်ဘာသာဝင်တို့သည် နှစ်ပေါင်းများစွာ အတူတကွနေထိုင်လာခဲ့ပြီး တစ်ဦးအပေါ်တစ်ဦးဆက်ဆံရေးသည်လည်း ညီအစ်ကိုမောင်နှမကဲသို့ ဆက်ဆံမှုရှိကြောင်းနှင့် ရခိုင်နှင့် မူဆလင်အကြား ပြဿနာတစ်စုံတရာမရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ကျွန်တော်တို့က ရခိုင်နဲ့ မူဆလင်တွေဟာ ညီအစ်ကိုမောင်နှမတွေလိုနေကြတယ်။ အရင်တုန်းကလည်းနေဖူးတယ်။ အခုလည်း အဲလိုပဲနေကြပါတယ်။ မိသားစုဆွေမျိုးရင်းတွေလိုပေါ့။ ကျနော်တို့ကတော့ ဒီစစ်အစိုးရလက်ထက်မှာလည်း အကောင်းဆုံးဖြစ်လာဖို့ကိုပဲမျှော်လင့်သလို အကောင်းဆုံးဖြစ်လာပါစေလို့လည်း ဆုတောင်းပါတယ်” ဟု ပြောသည်။
စစ်တပ်အနေဖြင့် ယခုလို လက်နက်အားကိုဖြင့် အာဏာသိမ်းခြင်းသည် အလွန်တရာ အရုပ်ဆိုးအကြမ်းတန်သည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်နေထိုင်သည့် အမည်မပေါ်လိုသူ မူဆလင်အမျိုးသမီးတစ်ဦးက ပြောသည်။
“အလုလိုမျိုး လက်နက်အားကိုနဲ့ အာဏာသိမ်းတာကတော့ မလှဘူးပေါ့။ ဘယ်လိုမှကိုမလှတာပါ။ အလွန်တရာ အရုပ်ဆိုးအကြမ်းတန်တဲ့ လုပ်ရပ်မျိုးဖြစ်ပါတယ်။ ဘယ်လိုပြောရမလဲမသိဘူး။ ပြောချင်တာကတော့ အများကြီးပဲ။ ပြောလိုက်ရင်လည်း တစ်ခုခုဖြစ်လာမှာကို ကြောက်တယ်။ ပြောချင်တဲ့စကားတော့ အများကြီးရှိပါတယ်” ဟု ၎င်းကပြောသည်။
လက်ရှိအနေအထားတွင် ရခိုင်ပြည်သည် တည်ငြိမ်အေးချမ်းမှုရှိနေဆဲဖြစ်သော်လည်း တချိန်ချိန်တွင် မငြိမ်မသက်အောင်ဖန်တီပြီး ပြဿနာများ ဖြစ်လာမည်ကို စိုးရိမ်းကြောင်း ၎င်းကပြောသည်။